By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ တိုက်ပွဲကာလနှင့် တိုက်ပွဲပြီးနောက် သေဆုံးသူ အလောင်း ၄၀၀ ကျော်ခန့်တွေ့ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ ဦးနှင့် နေအိမ် အလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း လွတ်လပ်သော လူငယ်များ အဖွဲ့ FYO ထံမှ သိရသည်။
၂၀၂၄ခုနှစ် ဇူလိုင် သုံးရက်မှစတင်ကာ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA ပူးပေါင်းတပ်များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် သုံးရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ တိုက်ပွဲကာလအတွင်း နှစ်ဖက်တပ်များအကြား တိုက်ပွဲပြင်းထန်မှုခဲ့ကာ လက်နက်ကြီး အပါအဝင် လေကြောင်း တိုက်ခိုက်ခဲ့မှုများကြောင့် အရပ်သားပြည်သူ အလောင်း ၉၀ခန့်ကို FYO အဖွဲ့မှ မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း ယင်းအဖွဲ့မှ တာဝန်ခံ တစ်ဦးက ပြောသည်။
” ကျတော်တို့အဖွဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ရတဲ့ အရပ်သားအလောင်းက ၈၆လောင်းရှိတယ်။ ကိုးကန့်တပ်ဖွဲ့က မီးသင်္ဂြိုဟ်ပေးခဲ့တဲ့သူတွေလဲရှိတယ်။ ပြီးတော့ လားရှိုးထောင်ကြီးမှာ တစ်ရာလောက်သေတယ်။ စစ်ဆေးရုံမှာလဲ ၁၀၀ကျော်သေတယ်။ အားလုံးပေါင်းလိုက်ရင် ၄၀၀ကျော်လောက်ရှိမယ် ” ၎င်းက ပြောသည်။
တွေ့ရှိခဲ့သည့် အလောင်း ၄၀၀ ကျော်အနက် အချို့သော ရုပ်အလောင်းများသည် ကျား၊ မခွဲခြားနိုင်ခြင်းမရှိသဖြင့် သေဆုံးသူ ကျား၊ မ အရေအတွက် အတိအကျ မသိရသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ဒေသခံများကို ခွဲခြားရန်ပင် ခက်ခဲကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
လက်ရှိ လားရှိုးမြို့အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်လာပြီဖြစ်ကာ၊ မြို့ဝင်ထွက်သည့် သူများ ပိုမိုများပြားလားကြောင်း FYO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို MNDAA ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ပြီးနောက် လားရှိုးမြို့ခံများနှင့် အတူ မြို့တွင်း သန့်ရှင်းရေးကို လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် MNDAA ပူးပေါင်းတပ်ဖွဲ့သည် လားရှိုးမြို့ကို ထိန်းချုပ်နိုင်ပြီးနောက် လားရှိုးထောင်၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအမှုတွဲ ၄၀၀ကျော်ကို မိသားစုဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ပြန်လွှတ်ပေးခဲ့သည်။
ယင်းအပြင် လားရှိုးအကျဉ်းထောင်၌ မူးယစ်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနှင့် ခိုးမှုများဖြင့် အကျဉ်းကျနေသည့် အကျဉ်းသား များကို MNDAA တပ်ဖွဲ့က ဆက်လက်ထိန်းသိမ်းထားပြီး၊ လားရှိုးမြို့အတွင်း ခိုးယူမှုများပြုလုပ်နေသည့်သူများကိုလည်း ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်လျက်ရှိသည်။
“ ကျမတို့နေတဲ့ ရပ်ကွက်ကတော့ ပျက်စီးတဲ့နေအိမ် ၁၀လုံးကျော်ရှိတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုသွားကြည့်ဖြစ်တယ်။ သွားကြည့်တဲ့နေ့က မြို့ထဲမှာ လူသေအလောင်းတွေ တွေ့ရတယ်။ တစ်ချို့အလောင်းတွေဆို့ အရိုးပဲရှိတော့တယ်။ အချို့အလောင်းတွေဆို အရိုးပဲရှိတော့တယ်။ ဘယ်သူဘယ်ဝါမှန်းတောင် ခွဲခြားလို့မရဘူး။ လမ်းတွေမှာလည်း အနံ့ဆိုးတွေကြီးပဲ၊ ဒုတိယအခေါက်ပြန်သွားတော့ ကိုးကန့်တပ်က မြို့ထဲမှာ အကုန်ရှင်းပေးထားတယ်။ မြို့တွင်းမှာလည်း အရင်လိုပုံမှန်သွားလာနေကြပြီ” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
ဩဂုတ် ၁၁ရက်မှစတင်ကာ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် ဆေးရုံဆေးခန်းများ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“ ဆေးရုံ၊ ဆေခန်းတွေ ပြန်ဖွင့်ပြီး မြို့အဝင်အထွက်တောင်ရနေပြီ၊ လားရှိုး-နမ့်ခမ်း၊ လားရှိုး-မူဆယ် တောင် ကားတွေပြေးဆွဲနေပြီ၊ အခြားမြို့က ခရီးသည်တွေလည်း သွားသွားလာလာ လုပ်နေကြပြီ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦး ကပြောသည်။
ယင်းအပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ စတင်ကာ MNDAA အထူးဒေသ တစ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများကို ကျန်းမာရေးဝန်ထမ်း ၅၀၀ကျော်ဖြင့် လည်ပတ်နေကြောင်း MNDAA က ဩဂုတ် ၁၉ရက်တွင် ထုတ်ပြန်ထားသည်။
အလားတူ သီပေါမြို့ နှစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLA ပူးပေါင်းတပ်များ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးကာ ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။