By Nway / MPA
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာ ရဲကင်းကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထွက်ပြေးသွားကြကြောင်း သိရသည်။
ဩဂုတ် ၂၅ရက်၊ နံနက် ခုနှစ်နာရီခန့်က ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာ ရဲကင်းကို ဒေသခံPDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲကင်းအား စွန့်ကာ ထွက်ပြေးသွားကြကြောင်း ဒေသခံPDFတို့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
” မနက် ခုနှစ်နာရီလောက် ရွာတောင်ဖျားစွန်းက ရဲကင်းကို ဝင်ပစ်တာပါ။ ရဲစခန်းကို သိမ်းတာမဟုတ်ဘူး။ ရှိန်းမကားက ရွာအကြီးကြီး။ အိမ်ခြေ ၁၇၀၀ လောက်ရှိတယ်။ ပြည်သူတွေမရှိတာကြာပြီ။ ခုက နှစ်ဖက်အပြန်အလှန်ပစ်ကြတာ နာရီဝက်လောက်ကြာတယ်။ သေတဲ့လူလည်းရှိတယ်။ နောက်တော့ ကင်းကိုထားခဲ့ပြီး ရဲစခန်းကို ပြေးသွားကြတယ် ” ဟု ၎င်းက MPA ကို ပြောသည်။
ထို့နောက် နံနက် ကိုးနာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် လေးကြိမ် လာရောက်ပစ်ခတ်ခဲ့သလို မတ္တရာမြို့ပေါ်မှလည်း ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” တိုက်ပွဲကြောင့် မတ္တရာကနေ ဟောင်ဝှစ်ဇာနဲ့ လှမ်းပစ်တာ။ ရွာက ဧရာဝတီမြစ်ကမ်းဘေးကိုး။ လေးလုံးပစ်တယ်။ သုံးလုံးပဲကျတယ်။ တစ်လုံးမကွဲဘူး။ လေကြောင်းနဲ့လည်း လေးခါလာပစ်တယ်။ ” ဟု ၎င်းကပြောသည် ။
ယင်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်းလည်း သိရသည်။
ရှိမ်းမကားရဲစခန်းတွင် စစ်သား၊ရဲနှင့်ပျူစောထီး စုစုပေါင်း ၅၀ခန့်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း ဒေသခံအချို့ကဆိုသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။