By Nway/MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်တစ်စစ်ဒေသက ယနေ့(ဩဂုတ်၂၆ရက်)သတင်းထုတ်ပြန်သည်။
သပိတ်ကျင်းမြို့ကို ဩဂုတ်၂၅ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းဆီးမိခဲ့ကာ လက်နက်မျိုးစုံ ၆၈လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ကို ဩဂုတ်၁၇ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်၁၉ ရက်တွင် မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အမှတ်တစ်စစ်ဒေသက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ကျော် နှင့် Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး Mi-35 နှစ်စင်းဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ သေးကြောင်းသိရသည်။
မြို့သိမ်းတိုက်ပွဲတွင် ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer သုံးလုံး၊ ဆက်သွယ်ရေးစက် တစ် ခုနှင့် အခြား စက်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကာ PDFရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း တစ်(၊ နှစ်)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်းငါး၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် တစ်ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍ သပိတ်ကျင်းအခြေစိုက် PDF တပ်ဖွဲ့များထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရသေးပေ။