By Ra Wai / MPA
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း တအောင်းတပ်မတော်TNLAက သတင်းထုတ်ပြန်သည်။
ဩဂုတ်၂၃ရက်၊နံနက်၉နာရီကျော်တွင် နောင်ချိုမြို့နယ်၊တောင်ခမ်းရွာရှိ စစ်ကောင်စီ ၉၀၂ တပ်စခန်း၊ ၁၁နာရီကျော်တွင် မကျီရေရွာဘုန်းကြီးကျောင်းနှင့် မွန်းလွဲနှစ်နာရီခွဲတွင် နားရှိးရွာ တို့၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLAက ဩဂုတ် ၂၃ရက်ညတွင် သတင်းထုတ်ပြန်သည်။
“၉၀၂ တပ်စခန်းဆိုတာ တောင်ခမ်းမှာ အခြေစိုက်တဲ့ အမြောက်တပ်။အဲဒါကို TNLA ကဆော်နေတာ။ ပြင်ဦးလွင်က အခြေအနေမကောင်းနိုင်မှန်းသိလို့ စစ်တပ်က ရပ်စောက်ကနေ စစ်သားတွေ ဆွဲထုတ် လာပြီး လာကာ နေတယ်လို့ ထင်တယ်” ဟု ရှမ်းမြောက်အခြေစိုက် PDFရဲဘော်တစ်ဦးက MPA သို့ပြောသည်။
တောင်ခမ်းရွာ ၉၀၂ တပ်စခန်းတိုက်ပွဲအတွင်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံး ကြဲခဲ့ကြောင်း TNLA က ဆိုသည်။
ဩဂုတ်၂၂ရက်နှင့် ၂၃ရက် နံနက်တို့တွင် ပြင်ဦးလွင်မြို့ပြင် စစ်တပ်ဝင်းထဲမှနေ၍ လက်နက်ကြီးများ ဖြင့် ခြောက်ပစ်ပစ်ခဲ့ကြောင်း PDFရဲဘော်က ဆိုသည်။
“ပြင်ဦးလွင်မှာ ကတုတ်ကျင်းတူးတာတို့ဘာတို့နဲ့ ရှုပ်နေတယ်။နောင်ချိုကနေ ပြင်ဦးလွင်ဘက်အဝင် ပေါ့။အဲနေရာမှာ စစ်သားအင်အားများတယ်။ နောင်ချိုကျပြီးကတည်းက ပြင်ဦးလွင်ကို လာတော့မယ် လို့ စစ်တပ်ကိုယ်တိုင်က စိတ္တဇဖြစ်ပြီး တထိတ်ထိတ်ဖြစ်နေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA က ဆိုသည်။