By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင် ရဲကင်းစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲ ငါးဦးသေဆုံးပြီး နှစ်ဦးအလံဖြူထောင် လက်နက်ချခဲ့ကြောင်းသိရသည်။
ဩဂုတ် ၂၀ရက်၊ နံနက် လေးနာရီခန့်မှ ၁၁နာရီခန့်အထိ ရဲအင်အား ၅၀ ဝန်းကျင်ရှိသည့် သာကြီးတောင် ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြိုနယ်ပကဖထံကသိရသည်။
” ရဲတွေပဲရှိတာ။ နယ်မြေရဲ၊ တပ်ရင်းရဲ၊ ရေနံရဲပါမယ်။ အဲ့ကောင်ကိုသာ ဖြတ်တောက်ထားနိုင်ရင် ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်မှာ နယ်မြေအနေအထားရ လွတ်လပ်မှုပိုရှိတာပေါ့” ဟု ပေါက်မြို့နယ်ပကဖတာဝန်ခံ ဦးကြီးက MPA သို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း ရဲတစ်ဦးကို လက်နက်နှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
” ဖမ်းမိတဲ့တယောက်ကတော့ ပေါက်ပကဖကို လွှဲပေးဖို့ပြောထားတယ်။ နှစ်ယောက်ကတော့ ဆေးကုသမှုပေးပြီး လူအခွင့်အရေးနှင့်အညီထားထားပါတယ်” ဟု ၎င်းကပြောသည်။
ကျန်ရဲတပ်သားများသည် အမြင့်ဆုံးကုန်းပေါ်သို့ ဆုတ်ခွာသွားသည့်အပြင် လေကြောင်းပစ်ကူ ရောက်လာသည့်အတွက် PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
” ကျနော်တို့ ဘန်ကာတွေ အကုန်လုံးကို သိမ်းနိုင်တယ်။ စခန်းကို ဝင်စီးနိုင်တယ်။ သူတို့လည်း ပြေးလမ်းပေါက်မရှိဘူးဗျ။ ကျနော်တို့လည်း တက်လို့မရဘူး။ အမြင့်ဆုံးကုန်းပေါ်ကနေ ကမ်းပါးတခုခံထားတာရှိတယ်။ အဲ့ကိုဆုတ်သွားတာ။ အီနာဂါနဲ့ချလို့လည်းမရဘူး။ ဝင်လုံးလို့လည်းမရဘူး။ သူတို့က အသေခံတိုက်မယ်ဆိုတဲ့သဘောပေါ့။ အဲ့မှာ လေယာဉ်ကလည်း ခုနှစ်ခေါက်လာပြီး နှစ်ခေါက်ပစ်သွားတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် PDF ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီးG3 သေနတ်နှစ်လက်၊ BA94 လေးလက် ၊ MA13 တစ်လက် ၊ ဒရုန်းပစ်သေနတ် တစ်လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ မိုင်းအမျိုးမျိုးနှင့်ငွေသား ကျပ်သိန်း ၆၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ပေါက်ပကဖ( တပ်ပေါင်းစု)နှင့်အတူ မြိုင်ပကဖ၊ FRF တပ်ဖွဲ့ ၊ BGF တပ်ဖွဲ့ ၊ ပကဖတပ်ပေါင်းစု အမှတ်တစ် တပ်ရင်းနှင့် ကမ္မတပ်ပေါင်းစုတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။