By Nway / MPA
PDF တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းမှ သေနတ် ကိုးလက်သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်း ခုနှစ်ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဩဂုတ် ၁၉ရက် ) နံနက် လေးနာရီခန့်က အင်အား ၂၂ဦးခန့်ရှိ ငါန်းမြာကြီးရဲစခန်းကို ဒေသတွင်း PDFပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် သုံးနာရီအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ( CDSOM ) ထံက သိရသည်။
” မနက် လေးနာရီကနေ ခုနှစ်နာရီအထိ တိုက်ပွဲဖြစ်ပါတယ်။ ရဲစခန်းကို အပြီးသတ် သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့တယ်။ သေဆုံးတဲ့စစ်ကောင်စီတပ်သားတော့မရှိဘူး။ ထွက်ပြေးတဲ့သူတွေက ဆုံပျူရွာဘက်ကို ပြေးသွားတာ ဖြစ်နိုင်တယ်” ဟု CDSOM တာဝန်ခံ ကိုနွေဦးက MPAသို့ ပြောသည်။
စခန်းသိမ်းခံရပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
” တိုက်ပွဲပြီးတော့ လေကြောင်းနဲ့လာပစ်တယ်။ မနက် ခုနှစ်နာရီခွဲကနေ ရှစ်ခွဲအထိပါ။ ဗုံးကြဲတာရော ပစ်တာတွေရော။ ကိုယ့်ရဲဘော်တွေ အထိအခိုက်မရှိပါဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းရဲစခန်းကို သိမ်းပိုက် ဖျက်ဆီးပြီးနောက် PDFပူးပေါင်းတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ မန္တလေးခရိုင်တပ်ရင်း ငါး၊ နောင်ရိုးအဖွဲ့၊ မြင်းခြံ ဟီးရိုး၊ BLACK TIGER၊ ငန်းနက်အဖွဲ့ (ငါန်းဇွန် ပကဖ)တို့ ပူးပေါင်းဆင်နွှဲခဲ့ကြကြောင်း သိရသည်။