By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ် လက်နက်ချရန် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့က သတိပေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်မြို့ရှိ လူနေအိမ်များ ထိခိုက်မှုမရှိစေရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရန် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ဩဂုတ် ပထမပတ်အတွင်း စစ်ကောင်စီကို သတိပေးခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ သတိပေးပြီးခံရပြီးနောက် စစ်ကောင်စီတပ်သည် မူဆယ်မြို့မကျရှုံးစေရေးအတွက် မြို့နှင့် ခြောက်မိုင်အကွာရှိ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
“ လက်နက်ချဖို့ အကြောင်းကြားထားတာရှိတယ်။ လူထုထိခိုက်မှု မရှိစေရေးအတွက် ဖြစ်တယ်။ ဒုတိယလှိုင်းမှာ တွေ့တဲ့အတိုင်းပဲ၊ ရမခကိုလည်း ထိန်းချုပ်လိုက်ပြီမလို့ လူထုထိခိုက်မှုမရှိအောင် အကြောင်းကြားထားတာဖြစ်တယ်” ဟုမြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၂၅ရက်မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် ဇွန် ၂၇ရက်တွင် စစ်ကောင်စီက မူဆယ်မြို့ရှိ အေးရှားဝေါ တိုးဂိတ်၊ ရဲစခန်းနှင့် ခရိုင်အားကစားကွင်းတို့တွင် စစ်အင်အား ဖြည့်တင်းမှုများပြုလုပ်ထားသည်။
“ မဟာမိတ်ဘက်က စစ်တပ်ကို လက်နက်ချဖို့ ဖုန်းကနေတစ်ဆင့် ပြောလာတယ်လို့ ကြားတယ်။ စစ်တပ်ဘက်က ဘယ်လို တုံ့ပြန်လဲတော့ သေချာမသိရဘူး။ ပြီးခဲ့တဲ့ ဩဂုတ် ရှစ်ကတော့ ညှိနှိုင်းဖို့လား ဘာလားသေချာတော့ မသိရဘူး။ အစည်းအဝေးရှိတယ်လို့ သတင်းထွက်လာသေးတယ်” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၌ မူဆယ်မြို့နှင့် ခြောက်မိုင်အကွာရှိ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီ တပ်စခန်းကို ၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာ ၁၅ရက်တွင် TNLA တပ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်-မြန်မာ အဓိက ထွက်ပေါက်ဖြစ်သည့် မူဆယ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။
ထို့ပြင် မူဆယ်မြို့အဝင်အထွက်အား စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေပြီး ဩဂုတ် ၁၀ရက်နေ့က စမတ်ကတ်ပြုလုပ်နေသည့် အမျိုးသားလေးဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
စစ်ကောင်စီ ဖမ်းဆီးခဲ့သည့် အမျိုးသားလေးဦးအနက် နှစ်ဦးသည် နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာအုပ်စု ဆိုင်တောင်ကျေးရွာ အသက် ၂၀အရွယ် ညီသိန်းဝင်းနှင့် အသက် ၁၉နှစ်အရွယ် ညီသိန်းထွန်းတို့ဖြစ်ပြီး ကျန်နှစ်ဦး၏ နေရပ်အား တိကျစွာ မသိရှိရသေးပေ။
“ နှစ်ယောက် ပြန်လွတ်လာပြီလို့ ပြောတယ်။ ကျတော်တို့ရွာက လူငယ်နှစ်ကတော့ ပြန်မလွတ်သေးဘူး။ သူတို့ရဲ့ မိဘတွေကတော့ သွားမေးမြန်းနေတယ်။ ပြန်မလာသေးဘူး။ သူတို့ပြန်လာမှ ဘာကြောင့် ဖမ်းတာလဲဆိုတာ အသေးစိတ်သိရမယ်” ဟု ဆိုင်တောင်ရွာ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ မူဆယ်မြို့တွင် စစ်ကောင်စီ၏ တပ်မ ၉၉၊ ခမရ ၄၂၀၊ စကခ ၂၊ ခလရ ၂၆၁/၄၁၂၊ ခလရ ၂၉၀ နှင့် လုံထန်၊ မန်ဂျယ်၊ မြို့မ ၁/၂/၃ စသည့် ပြည်သူ့ စစ် ခုနှစ်ဖွဲ့တို့က ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
၁၀၂၇ ပထမလှိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မုံးကိုး၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် ကြူကုတ်-ပန်ဆိုင်း တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် သုံးလကြာ အပစ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
သို့သော် အပစ်ရပ်စဲထားသည့် ကာလအတွင်း စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေများသို့ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဇွန် ၂၅ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ခဲ့သည်။
ထိုကဲ့သို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA ၊ MNDAA ၊ Mandalay PDF နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကျောက်မဲ ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ်ကူး၊ မိုးမိတ်နှင့် လားရိူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း သီပေါမြို့နှင့် မူဆယ်မြို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။