By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှပျူစောထီးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ ၅ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ယနေ့ ( ဩဂုတ် ၁၂ရက် ) နံနက်ပိုင်းက ဘုရားလှပျူရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းပျူရွာရှိ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်းထံက သိရသည်။
” အဲဒီပျူရွာမှာက စစ်သားတွေလည်းရှိပေမဲ့ အလွန်ဆုံး ၂၀ လောက်ပဲ။ ကျန်တာက ပျူတွေလောက်ပဲ။ ကျတော်တို့ ရွာကိုဝင်တိုက်တာနဲ့ အားလုံးထွက်ပြေးသွားကြတာ။ ဘယ်ဘက်ကို ပြေးသွားလဲဆိုတာတော့ မသိသေးဘူး” ဟု မြင်းခြံခရိုင်အမှတ်သုံးတပ်ရင်းမှ ဗိုလ်မူတူးက MPA သို့ ပြောသည်။
ယင်းတိုက်ပွဲတွင် ကာဘိုင်သေနတ် လေးလက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“ဒီကနေ့ ဘုရားလှ မစ်ရှင်ကတော့ အထိခိုက်မရှိ ပြန်လည်ဆုက်ခွာလာနိုင်ပါတယ်” ဟု တိုက်ပွဲဝင် ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးခြောက်လုံးကြဲချခဲ့ကြောင်း သိရသည်။
ထို့အပြင် မြင်းခြံမြို့နှင့် မြင်းခြံသံမဏိစက်ရုံအထိုင်ချစစ်တပ်တို့မှ စစ်သားစုစုပေါင်း ၂၀၀ ခန့် ဘုရားလှရွာသို့ စစ်ကူရောက်ရှိလာကြောင်းလည်း သိရသည်။