By Ko Paing/MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ ခံစစ်ပြင်ထားသည့် ဇရပ်ကွင်းရွာရဲကင်းစခန်းကို MDY-PDF က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
သြဂုတ် ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဇရပ်ကွင်းရွာ ရဲကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ၁၄၈ အပါအဝင် တပ်စခန်း ကိုးခုထိသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
“ဇရပ်ကွင်းက ရွာကြီး၊ဆေးရုံလည်းရှိတယ်။ဆေးရုံမှာတော့ စစ်သားမရှိဘူး။တပ်စခန်းကို MDY-PDF က သိမ်းလိုက်တော့ ဇရပ်ကွင်းရွာမှာရှိတဲ့ ချမ်းမြကျော်၊ပါဝါ စတိုးတို့မှာ စစ်တပ်က တပ်စွဲထား တာ။အဲ့ဒီက စစ်သားတွေလည်း ပြန်ဆုတ်သွားပြီ”ဟုဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ဇရပ်ကွင်းကျေးရွာသည် အိမ်ထောင်စု ထောင်ချီရှိပြီး မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်၌ တည်ရှိသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈ တပ်စခန်း အပါအဝင် ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို သြဂုတ်ခုနှစ်ရက်နှင့် ကိုးရက်တို့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း MDY-PDF ကထုတ်ပြန်ထားသေးသည်။