By Ko Paing/MPA
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးမိခဲ့သည့် ဒဏ်ရာရစစ်သုံ့ပန်းအချို့ကိုပါ MNDAA နှင့်ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးမိခဲ့သည့် စစ်တပ်မိသားစုဝင်များကို MNDAA ကပြန်လွှတ်ပေးလျက်ရှိရာ သြဂုတ် ၁၁ ရက်တွင် ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးအပါအဝင် တပ်မိသားစု ၃၃၁ ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံကပြောသည်။
“ကျနော်တို့ မနေ့က(သြဂုတ်၁၁ရက်)က PDFတပ်ပေါင်းစုနဲ့MNDAA ပူးပေါင်းအဖွဲ့ကနေ လားရှိုး(ရမခ)ကို သိမ်းတုန်းက ဖမ်းမိခဲ့တဲ့ စကစ မိသားစုဝင်တွေ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။၃၃၁ ဦးလွှတ်ပေးလိုက်တာပါ။အဲ့ဒီအထဲမှာ ဒဏ်ရာရနေတဲ့ စစ်သုံ့ပန်း ၄၅ ဦးလည်းလွှတ်တဲ့အထဲပါဝင်ပါတယ်”ဟု ၎င်းက MPAသို့ပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးမိသည့် တပ်မိသားစုဝင်များကို သြဂုတ်ခြောက်ရက်၊ နံနက်ပိုင်းမှ စတင်၍ ပြန်လည်လွှတ်ပေးခဲ့ရာ ဩဂုတ်၁၁ရက်တွင် စုစုပေါင်း ၂၀၀၀ နီးပါးရှိပြီဖြစ်သည်။
တပ်မိသားစုဝင်များကို ပြန်လည်လွှတ်ပေးချိန်တွင် SSPP/SSA ကလည်း လာရောက်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဩဂုတ်သုံး ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေကို MNDAAနှင့် မဟာမိတ်တပ်တို့က သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ချအညံ့ခံသော စစ်သားနှင့် တပ်မိသားစုဝင် ထောင်ချီရှိကြောင်း သိရသည်။