By PoeSangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှစ်လုံးနှင့် စျေးဆိုင်အချို့ မီးလောင်ပျက်စီးခဲ့ကာ သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ငါးရက်၊ မွန်းလွဲ သုံးနာရီတွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ ငါးရပ်ကွက်ရှိ မြို့မစျေးကို ဂျက်ဖိုက်တာ အသုံးပြုပြီး ဗုံးခုနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၌ ကွတ်ခိုင်မြို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီကို တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။
“လူထိခိုက်မှုတော့ များနိုင်တယ်။ ကျတော်ကိုယ်တိုင်တော့ သွားမကြည့်ရသေးဘူး။ အသေးစိတ်လည်း မသိရသေးဘူး။ အိမ်တွေ၊ ဈေးဆိုင်တစ်ချို့တော့ မီးလောင်သွားတယ်။ ဂျက်ဖိုက်တာနဲ့ ခုနှစ် လုံးလောက် လာကြဲသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ကွတ်ခိုင်မြို့အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငါးရပ်ကွက်အတွင်းရှိ ဒေသခံ သုံးဦးသေဆုံးကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ သိရသလောက်ကတော့ သုံးဦးသေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလဲရှိတယ် အတိအကျမသိရသေးဘူး” ဟု ကွတ်ခိုင်မြို့၊ ငါးရပ်ကွက်၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ် တစ်ရက်ကလည်း လောက်ကိုင်မြို့သို့ စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဟိုတယ်၊ အဆောက်အဦးနှင့် ကားများလည်း ပျက်စီးခဲ့သေးသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်လျက်ရှိသည်။