ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းမှူးနှင့် အရာရှိများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံခဲ့သည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် လေးရက်ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တစ်ဆင့် ဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။
“ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ သုံးရက်နေ့ ညနေပိုင်း ခြောက်နာရီခွဲအချိန်ထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးများအချို့ကို တော်လှန်ရေးတပ်ဖွဲ့(မူရင်း အကြမ်းဖက်သောင်းကျန်းသူ)များက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဖြစ်သည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ်-၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားခြင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများ၌ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။
လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် လဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ် သုံးရက်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်သားများအပါအဝင် မိသားစုဝင် ၅၀၀၀ နီးပါး လက်နက်ချ အညံ့ခံခဲ့ကြောင်း လွတ်လပ်သော သတင်းမီဒီယာများ၌ ဖော်ပြထားသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့် သတင်းများ ပျံ့နှံနေသော်လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ရမခ ကျဆုံးမှုမရှိဘဲ ဆက်လက်ခုခံနေဆဲဖြစ်သည်ဟု ဝါဒဖြန့် လျက်ရှိသည်။