By Bala/ MPA
ယနေ့တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့လယ်ခေါင်အထိ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဇူလိုင် ၂၅ရက်မှစပြီး စစ်ကောင်စီတပ်က လွိုင်ကော်အခြေစိုက် ခလရ ၅၄တပ်ရင်းသို့ လေကြောင်းဖြင့် လက်နက်နှင့် စစ်သားများပို့ဆောင်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်လာကြောင်း လွိုင်ကော်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တိုက်ပွဲကတော့ ဖြစ်နေတာ နေ့တိုင်းနီးပါးပါပဲ။အခုက လွိုင်ကော်ကို စစ်ကောင်စီဘက်က အင်အားဖြည့်လာတယ်။ဒကစ(လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်)ဘက်ကလည်း ဒရုန်းနဲ့ တိုက်လာတယ်။တိုက်ပွဲကတော့ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ဆက်တိုက်ဖြစ်နေတာပေါ့” ဟု ၎င်းက MPAသို့ ပြောသည်။
ခလရ ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး လွိုင်ကော် ဒကစနှင့် အနီးဆုံးတပ်ရင်းတစ်ရင်းဖြစ်ကာ လေကြောင်းမှ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းလည်းဖြစ်ကြောင်း သိရသည်၊၊
“ ပန်ကန်းဘက်ကို ညက ဂျက်ဖိုက်တာ တက်လာတယ်။တော်တော်ကြာကြာပတ်ပြီးမှ ဗုံးကြဲသွားတယ်။ဒါက မနေ့ည ၁၁နာရီလောက်မှာ ဖြစ်တာပေါ့။ဒီနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်နေတယ်။ရှေ့တန်းနဲ့ကတော့ အဆက်အသွယ်မပြတ်ပါဘူး။သတင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မထုတ်ခိုင်းသေးလို့ အဲ့ဒါပဲ ပြောလို့ရပါမယ်” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ မကျရေးအတွက် စစ်သား အင်အားများကို ကုန်းလမ်းသာမက လေကြောင်းဖြင့်ပါ ပို့ဆောင်နေပြီး ကရင်နီတော်လှန်ရေးအင်အားစုများနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။