By PoeSangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများသည် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၂၆ရက် မနက်အစောပိုင်းတွင် လားရှိုးမြို့ အကျဉ်းထောင်ကို MNDAA ကသိမ်းပိုက်ပြီးနောက် အကျဉ်းသူ၊ အကျဉ်းသား ၄၀၀ကျော်ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကာ မိသားစုဝင်များနှင့် အကျဉ်းသားများသည် ယနေ့(ဇူလိုင် ၂၉ရက်)ထိ အဆက်အသွယ်မရသေးကြောင်း တိုက်ပွဲများကြောင့် လားရှိုးမြို့မှ တိမ်းရှောင်နေရသည့် အမျိုးသားတစ်ဦးက ဆိုသည်။
“ လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ပါတယ်ဆိုတာသိရတယ်။ ကျတော့်ရဲ့ အသိမိတ်ဆွေတွေလည်းပါတယ်။ လားရှိုးမှာ ဖုန်းလိုင်းပြတ်နေတော့ အကျဉ်းသား တစ်ယောက်မှကို အဆက်အသွယ်မရသေးဘူး” ဟု ၎င်းက ဆိုသည်။
လွတ်မြောက်လာသည့် အကျဉ်းသားများ၌ ရှမ်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်မှုဆောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းလည်းပါဝင်ခဲ့သည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၃၃နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး MNDAA က လားရှိုးအကျဉ်းထောင်ကို သိမ်းပိုက်ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။
အလားတူ စစ်ကောင်စီက ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၅ရက်တွင် ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခဲ့သည့် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU) မှ မိုးအောင်သက်ဦးလည်း လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူထံမှ စုံစမ်းသိရှိရသည်။
“ မနေက သူ(မိုင်းအောင်သက်ဦး) ပြန်လွတ်လာတဲ့အထဲမှာ ပါတယ်လို့ကြားတယ်။ ဒီနေ့အထိတော့ သူနဲ့အဆက်အသွယ်မရသေးဘူး။ ဘေးကင်းတဲ့နေရာ၊ လုံခြုံတဲ့နေရာ ရောက်ပါစေလို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၂ရက်ကလည်း စစ်ကောင်စီ၏ ခလရ ၄၁ ကို MNDAA က သိမ်းပိုက်ပြီးနောက် တပ်အတွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အရပ်သားများကို ပြန်လွှတ်ပေးခဲ့သေးသည်။
အဆိုပါ ခလရ ၄၁ တပ်မှ ပြန်လွတ်လာသည့် အကျဉ်းသားများသည် လက်ရှိတွင် မိမိနေရပ်များနှင့် လွတ်မြောက်ရာ ဒေသများသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ MNDAA နဲ့ TNLA က မဟာမိတ်တွေဆိုတော့ သတင်းတွေကို တစ်ဆင့်ပြန်သိရတာ၊ ခလရ ၄၁ ကနေ ပြန်လွတ်လာတဲ့သူတွေအကုန်က သူတို့နေထိုင်ရာ အသီးသီးကိုပြန်ရောက်သွားတယ်ဆိုတာကို အတည်ပြုနိုင်တာ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့ သိမ်းတိုက်ပွဲအတွင်း နိုင်ရေးအကျဉ်းသား ၁၄ ဦးကို TNLA နှင့် ပူးပေါင်းတပ်က ကယ်ထုတ်နိုင်ခဲ့ကြောင်း ဇူလိုင် ၂၈ ရက်တွင် မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားသည်။