By PoeSangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တစ်လကျော်ကာလအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ၁၂၅ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အချက်အလက်များအရသိရသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၂၅ရက်မှစတင်ကာ ဇူလိုင် ၂၈ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ၊ လားရှိုး၊ နောင်ချို၊ မိုးမိတ်၊ သီပေါမြို့နယ်နှင့် မန္တလေး မိုးကုတ်မြို့နယ်တို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးနှင့် စစ်ကောင်စီက လေကြာင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အထက်ပါအတိုင်း ပြည်သူများ သေဆုံးမှုများပြား ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နောင်ချိုမြို့နယ်အတွင်း အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်သီးသေဆုံးကာ၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ဇူလိုင် ၂၃ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ကျောက်မဲမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်မှုကြောင့် အမျိုးသား ၂၄ဦးနှင် အမျိုးသမီး ၁၄ဦး သေဆုံးကာ၊ အမျိုးသား ၁၅ဦး၊ အမျိုးသမီး ၂၁ ဦး၊ ကလေး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အထက်ပါ နောင်ချိုမြို့နှင့် ကျောက်မဲမြို့များတွင် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုအပြင် ဘုန်းကြီးကျောင်း သုံးကျောင်း၊ စာသင်ကြောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၅၀ခန့် ပျက်စီးမှုများလည်းရှိခဲ့သည်။
“ ကျောက်မဲမှာတော့ မနေ့ကထိ တိုက်ပွဲပြင်းထန်နေတုန်းပဲပေါ့နော်၊ စစ်တပ်ရဲ့ ၅၀၁/၅၀၂ တပ်ရင်းတွေဘက်မှာ တိုက်ပွဲပြင်းထန်နေတာ၊ နေ့လယ် နှစ်ရီလောက်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာပစ်သွားတယ်။ ဘယ်နေရာကျသွားလဲတော့ မသိဘူး။ ထိခိုက်မှုတွေလည်း မသိရဘူး” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် မိုးကုတ်မြို့တိုက်ပွဲများအတွင်းတွင်လည်း အမျိုးသား ၁၁ဦး၊ အမျိုးသမီး ရှစ်ဦးနှင့် ကလေးငယ် ၁၁ဦး သေဆုံးခဲ့ကာ၊ အမျိုးသား ၂၆ဦး၊အမျိုးသမီး ၂၂ဦးနှင့် ကလေး ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဆက်လက်ပြီး မိုးမိတ်မြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသာား တစ်ဦး၊ အမျိုးသမီး နှစ်ဦးသေဆုံးကာ၊ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးလေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့တိုက်ပွဲများတွင်လည်း သေဆုံးထိခိုက်မှုများအပြင် ဘုန်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ငါးလုံး ပျက်စီးခဲ့သေးသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဇူလိုင် ၁၀ရက်တွင် နောင်ချိုမြို့ကို TNLA ပူးပေါင်းတပ်ဖွဲ့များက ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၂၄ရက်တွင် မိုးကုတ်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်း ၃၀ကျော်နှင့် လက်နက်မျိုးစုံ ၂၀၀ ကျော်သိမ်းဆည်းနိုင်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိသည့် လားရှိုးမြို့ကိုလည်း MNDAA ပူးပေါင်းတပ်ဖွဲ့များက တစ်လနီးပါး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်မှုကြောင့် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် ကလေးငါးဦးသေဆုံးပြီး အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၂၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၀ကျော်၊ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် စာသင်ကျောင်းနှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သေးသည်။
လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် ဇူလိုင် ၂၇ရက်တွင် UWSA “ ၀” တပ်ဖွဲ့များသည် နှစ်ဖက်တပ်များကို ညှိနှိုင်းကာ မြို့အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထိုကဲ့သို့ “ ၀” တပ်ဖွဲ့များ မြို့အတွင်း ဝင်ရောက်လာချိန်မှ စတင်ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုုလုပ်ခြင်းမရှိတော့ကြောင်း ဒေသခံတစ်ဦးက MPA သို့ပြောသည်။
“ “ဝ” တပ်တွေ ဝင်လာပြီးနောက်တော့ တိုက်ပွဲက ငြိမ်နေတယ်။ စကစ ဘက်ကလည်း လေကြောင်းနဲ့ မတိုက်ရဲဘူး။ အသွားအလာတော့ နည်းနည်းပဲရှိသေးတယ်။ MNDAAကတော့ နေရာတိုင်းကို လုံခြုံရေးယူထားတွေ တွေ့တယ်” ဟု လားရိူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြိုတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၅)ဦး လက်နက်ကြီးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
အထက်ပါတိုက်ပွဲများကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်မြို့မှ ဒေသခံ သုံးသောင်းကျော်သည် သည် တန့်ယန့်၊ မိုင်းကိုင်၊ တောင်ကြီး ၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် မန္တလေးစသည့် မြို့များသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
လက်ရှိ လားရှိုးမြို့ကို MNDAA က အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေပြီး တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး ရောင်းချမှုကို တိုက်ဖျက်ခြင်းနှင့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်သွားမည်ဟု ဇူလိုင် ၂၇ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် လားရှိုးမြို့တွင် နေထိုင်သည့်သူများကို လူမျိုးရေး၊ ဘာသာရေး ခွဲခြားခြင်းမရှိဘဲ အုပ်ချုပ်သွားမည်ဟု MNDAA က ကတိပေးထားသည်။