By Bala / MPA
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် စစ်ကားသုံးစီးပါ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း GOD’S HAND FORCES အဖွဲ့ထံက သိရသည်။
ယနေ့ (ဇူလိုင် ၂၉ ရက်)နံနက် ၁၀ နာရီခွဲခန့်တွင် လှိုင်သာယာ၊ အဆင့်မြင့်မှတ်တိုင်နှင့် ဗိုလ်ချုပ်မှတ်တိုင် ကြား၌ စစ်ကား သုံးစီးပါ စစ်ကောင်စီတပ် ပတ်ကင်းယာဉ်တန်းကို GOD’S HAND FORCES အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GOD’S HAND FORCES အဖွဲ့ တာဝန်ခံ ဆရာကျောင်းက ပြောသည်။
“ ဒီနေ့သုံးတဲ့မိုင်းက ပေါက်ကွဲအားကို အဓိက အခြေခံတာပေါ့။စစ်ကား သုံးစီးက လာနေကျယာဉ်တန်းပေါ့။မိုင်းကို ဖိုခနောက်ပုံစံဆင်ပြီး ခွဲခဲ့တာပါ။စစ်ကားနောက်ဆုံးခုံက ရဲနဲ့စစ်သားတချို့ ထိခိုက်မယ်လို့ လတ်တလောယူဆထားပါတယ်” ဟု ၎င်းကပြောသည်။
မိုင်းခွဲခံရသည့် စစ်ကားသုံးစီးတွင် အမိုးအကာများတပ်ဆင်ထားသဖြင့် စစ်ကောင်စီတပ်သား အင်အားကို အတိအကျမသိရကြောင်း သိရသည်။
“ မိုင်းကွဲပြီးတော့ လမ်းတွေပိတ်စစ်ဆေးပါတယ်။ဖမ်းဆီးခံရသူတော့မရှိပါဘူး။ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ထားပေမယ့် ကိုယ်နေတဲ့မြို့ဖြစ်နေတော့ ပြောက်ကျားကစားတဲ့အခါ စစ်ရေးနဲ့ပြောရင် မြေသားအပျော့၊အမာကြည့်ပြီးကစားရတာပေါ့။ပြောက်ကျားဆိုတော့ မြေပျော့ကစားရတာပေါ့။အဲ့အတွက်လည်း အများကြီးပြင်ဆင်ထားပြီးသားပါ။အဆင်ပြေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ မိုင်းခွဲတိုက်ခိုက်မှုသည် ” M 043 စစ်ဆင်ရေး ” စတုတ္ထမြောက် ဖော်ဆောင်မှုဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ အထိုင်ကင်းများနှင့် လှည့်ကင်းများ၏ ဝေးရာသို့ ပြည်သူများ ရှောင်ရှားသွားလာကြရန် GOD’S HAND FORCES အဖွဲ့ က မေတ္တာရပ်ခံထားသည်။