By Ko Paing/MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် ကင်းပတ်ထွက်လာသော စစ်သား များကို တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးကြောင်း အာဏာရှင်တော် လှန်ရေး ပြည်သူ့တပ်မတော် ( ADRPA) ကသတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်၂၂ ရက်) နံနက် ခြောက်နာရီခွဲဝန်းကျင်တွင် ယင်းမာပင်မြို့နယ်၊ မုံရွာ -ပုသိမ်လမ်း ပေါ် ၌ အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ ကင်းပတ်ထွက် လာသည့် စစ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက ပုသိမ်-မုံရွာလမ်းကို နယ်မြေစိုးမိုးဖို့ရယ်၊ကြေးနီစီမံကိန်းက ကားတွေကို လုံခြုံရေးပေးဖို့ရယ် အင်အား ၁၅၀ လောက်နဲ့ တပ်စွဲထားတာပါ။အဲ့ဒီ အင်အား ၁၅၀ ထဲကမှ ၆ယောက်က ပတ်ကင်းထွက်လာတာမှာ ကျနော်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ငါးယောက် ကတော့ နေရာမှာပဲသေတယ်။တစ်ဦးကတော့ လဲကျပြီး လှုပ်နေသေးတယ်။စစ်ကြောင်းထပ်ထိုး တာမျိုးမလုပ်ဘဲ ခံစစ်ပြင်ထားတဲ့အနေနဲ့ရှိတယ်လို့ သိရပါတယ်”ဟု ADRPA မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA-11 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ် သုံးလက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း CDRF ရဲဘော် တစ်ဦး ကျည်ထိမှန်ကာ ကျဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ – ADRPA တပ်ခွဲ ၂ (Black Shadow PDF) ၊ မင်းမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်း တပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။