By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာမှ သရက်ကန်ပျူစောထီးရွာသို့ ရိက္ခာပို့ရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDFတပ်ဖွဲ့တို့က ယနေ့(ဇူလိုင် ၁၇ရက်) နံနက် နှစ်နာရီခန့်တွင် တစ်ကြိမ်နှင့် နံနက် ငါးနာရီခန့်တွင် တစ်ကြိမ် တွင်းမပျူစောထီးရွာမြောက်ဘက်၌ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
” နှစ်နာရီလောက်ကတိုက်ပွဲဖြစ်ပြီး အဲ့နေရာမှာတင် သူတို့ (စစ်ကောင်စီတပ်) ဝပ်နေကြတာ။ ငါးနာရီထိုးလောက်ကျ အထုပ်တွေရော ဒဏ်ရာရတဲ့သူတွေကိုရော ပြန်လာဆွဲတာ ကျနော်တို့ဘက်က မြင်တော့ နောက်တစ်ကြိမ်ထိတွေ့ထပ်ဖြစ်တာ။ မမြင်ရတော့ ထိခိုက်သေဆုံးမှုကို အတိအကျမပြောနိုင်ဘူး” ဟု မြိုင်ပကဖမှ ရဲဘော်အိုကေးက MPA သို့ပြောသည်။
ယင်းတိုက်ပွဲဖြစ်ပွားသည့် နေရာ၌ပင် RPG 7 အဖူး ငါးဖူး ၊ ပို့ယမ်း ၁၀ တောင့် ၊ ၆၀(မမ) နှစ်ဖူး ၊ ကာဘိုင်ကျည် ၁၅၀၀၊ တော်ပီဒိုယမ်းအချောင်း ခြောက်ချောင်း ၊ ဆန် ရှစ်လုံး၊ ဖုန်း နှစ်လုံးနှင့် ဆေးပစ္စည်းတို့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
” ညက ဖရိုဖရဲထွက်ပြေးပုံရပါတယ်။ ပစ္စည်းတွေကျန်ခဲ့တာ” ဟု ၎င်းကဆက်လက်ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် သရက်ကန်ပျူရွာသို့ ရိက္ခာ ဆက်လက် ပို့ဆောင်ခြင်းမရှိတော့ဘဲ တွင်းမပျူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ အမှတ်တစ် တပ်ရင်းနှင့်အတူ ပခုက္ကူခရိုင်အမှတ်နှစ် တပ်ရင်း၊ မြိုင်ပကဖ တပ်ခွဲ တစ် ၊ တပ်ခွဲနှစ်(ဂဠုန်)၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma( ကမ္မတပ်ပေါင်းစု) နှင့် KMDF ( ကမ္မတပ်ပေါင်းစု)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။