By Nway / MPA
နေပြည်တော်၊ အေလာလေတပ်စခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ၃၄ဦးအထိရှိကြောင်း Brave Warriors for Myanmar (BWM) ၏ယနေ့(ဇူလိုင်၁၇ရက်) နောက်ဆက်တွဲထိခိုက်မှုသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၁၆ရက်၊ နံနက် ကိုးနာရီ ခန့်တွင် ယင်းလေတပ်စခန်းကို ၁၀၇( မမ) ရှော့တိုက်ဒုံး ခုနှစ်လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ငါးလုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
” စုစုပေါင်း ၃၄ ဦးသေတယ်ဆိုတာ တပ်တွင်းသတင်းတွေအရဖြစ်ပါတယ်။ ပထမက အရာရှိလေး ဦးနဲ့အခြားအဆင့်၁၂ ဦးသေပြီး အရာရှိ သုံးဦးနဲ့ အခြားအဆင့် ခုနှစ် ဦးပျောက်ဆုံးနေတယ်လို့ သိခဲ့ရတာပါ၊ မနေ့ညက ပျက်စီးသွားတဲ့ဂိုထောင်တွေကြားမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့အရာရှိ သုံး ဦးရယ်၊ အခြားအဆင့်စစ်သည် ၁၅ ဦးတို့ သေဆုံးနေတာကိုထပ်တွေ့ခဲ့ရတာပါ။ ဓာတ်ပုံရဖို့တော့ အင်မတန်ခက်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ ပြောရေးဆိုခွင့်ရှိသူက MPA သို့ ပြောသည်။
ယင်း သေဆုံးသူ ၃၄ဦးအပြင် နောက်ထပ် သေဆုံးမှုများလည်း ရှိနိုင်သေးကာ စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးဂိုထောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
” စစ်ကောင်စီအဆိပ်ငွေ့ဂိုထောင်ရုံရှိနေတယ်ဆိုတာ ကျတော်တို့ ဒီနှစ်အစပိုင်းကတည်းက သံသယရှိနေခဲ့တာပါ၊ အထူးသဖြင့် ကရင်နီနဲ့ ရှမ်းတောင်ဘက်က ရဲဘော်တွေမှာ အဲ့လိုအဆိပ်ငွေ့ဗုံးမိတဲ့အတွေ့အကြုံတွေရှိနေပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် BWMနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး အေလာလေတပ်ကို တိုက်ခိုက်မှုခဲ့ရာ အဆိပ်ငွေ့ဗုံးဂိုထောင် ထိမှန်သွားခဲ့သေးကြောင်း သိရသည်။
“ ဒီတစ်ခါတော့ အတော့်ကိုတည့်တည့်ထိသွားတယ်လို့ အတွင်းသတင်းတွေအရ ထပ်သိရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုတိုက်ခိုက်မှုသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်သည့် ရှမ်းမန်းစစ်ဆင်ရေးနှင့် ဟန်ချက်ညီ ဆင်နွှဲခဲ့ခြင်းဖြစ်ကာ အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ဆင်ရေးများ ပြုလုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။
နေပြည်တော် အေလာလေတပ်စခန်းကို တိုက်ခိုက်မှုတွင် A-5 Bomber Jet Fighter တစ်စင်း၊ Jet Fighter တစ်စင်းနှင့် Y-12 Military Transport Aircraft တစ်စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း BWM က ထုတ်ပြန်ထားသည်။