ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယာယီအပစ်ခတ်ရပ်စဲထားသော်လည်း ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မိုးမိတ်မြို့နယ်များ၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိ အပစ်ရပ်မည်ဟု ကိုးကန့်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်ထားသော်လည်း လားရိူးမြို့အတွင်း နေ့စဉ် လက်နက်ကြီး၊ လက်နက်ငယ်အသံများနှင့်အတူ တိုက်ပွဲပြင်းနေသည့်အပြင် ကိုးကန့်တပ်က လားရိူးမြို့ရှိ မယ်ဟန်ဂိတ်ကို ဇူလိုင် ၁၆ရက်တွင် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်မြို့တို့တွင်လည်း တအာင်းတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်တို့သည် ယာယီအပစ်ရပ်မည်ဟု လူမူကွန်ရက်စာမျက်နှာများ၌ ရေးသားမှုများရှိသော်လည်း TNLAက တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။
“ အစည်းအဝေးမှာတော့ ခဏအပစ်ခတ်ရပ်မယ်လို့ ပြောပေမဲ့ လက်တွေ့မှာတော့ ဘယ်ဘက်မှ မရပ်ပါဘူး။ မနက်မဟုတ်ရင် ညနေပိုင်းလောက်ဆိုရင် လက်နက်ကြီးတွေ အပြန်အလှန်ပစ်နေကြတယ်။ ဒီနေ့( ဇူလိုင် ၁၆ ရက်)လားရိူးမြို့ပြင် မယ်ဟန်ဂိတ်ကို ကိုးကန့်က သိမ်းလိုက်ပြီ၊ ခလရ ၅၀၇ ဘက် ပြန်တိုက်နေတယ်” ဟု လားရိူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ဇူလိုင် ၁၆ရက်၊ ည ခြောက်နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ ခိုမုန်ကျေးရွာအတွင်းသို့ လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦး သေဆုံးခဲ့သေးသည်။
ယင်းအပြင် ကျောက်မဲမြို့နယ်၊ ၈ ရပ်ကွက်၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့မှုကြောင့် ကား သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ကျောက်မဲမှာတော့ ဒီသုံးလေးရက်အတွင်း တိုက်ပွဲက ပိုပိုပြင်းလာတယ်။ မနေ့ကလည်း ဒေသခံတွေ လက်နက်ကြီးထိတယ်။ အခုညနေ(ဇူလိုင် ၁၆ရက်)လည်း ခိုမုန်းရွာဘက်က သုံးယောက် လက်နက်ကြီးထိပြီးသေသွားတယ်။ အပစ်ရပ်တာတော့ ကိုးကန့်ပဲတရားဝင်ထုတ်ထားတယ်။ ကျန်တဲ့အဖွဲ့က တရားဝင်ထုတ်ထားတာမရှိဘူး။ စကစဘက်က စပစ်ရင် သူတို့( တအာင်းတပ်မတော်နှင့် ပူးပေါင်းတပ်) ဘက်လည်း ပြန်တိုက်မယ်ဆိုတဲ့သဘောတော့ရှိတယ်။ လုံးလုံး ရပ်သွားတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်၊ မွန်းလွဲ သုံးနာရီခန့်တွင်လည်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီက လက်နက်ကြီး အလုံး ၃၀ခန့် ပစ်ခတ်ခဲ့သည့်အတွက် နမ့်ဟူးတောင်အထက်ကျေးရွာမှ အဖွားအိုတစ်ဦး သေဆုံးခဲ့ပြီး၊ ၉ ရပ်ကွက်ရှိ အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့အတူ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သဲခေါ်အနီးရှိ TNLA တပ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ TNLA ပူးပေါင်းတပ်သည် နောင်ချိုမြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး၊ မိုးမိတ်မြို့ကိုထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ မိုးမိတ်ဗျူဟာ တပ်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း မြေပြင်သတင်းရင်းမြစ် များထံမှ သိရသည်။
ဇူလိုင် ၁၃ရက်ကလည်း MNDAA ထံသို့ လားရှိုးမြို့အတွင်း စစ်တပ်မှ ဒုတိယတပ်ခွဲမှူး တစ်ဦးအပါဝင် စစ်သုံ့ပန်း ၃၂ဦး ဖမ်းဆီးရမိခဲ့ကာ၊ ရဟတ်ယာဉ်သို့မဟုတ် ပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် အလင်းဝင်ရောက်သူများကို ကျပ် သိန်းတစ်သောင်းအထိ ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသေးသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းသည် ဇွန် ၂၅ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များအပြင် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ စဉ့်ကူးမြို့များတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေး ဒုတိယလှိုင်း၌ MNDAA၊ TNLA အပြင် မန္တလေး(PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) အစရှိသည့် အဖွဲ့များလည်း ပူးပေါင်းဆင်နွှဲနေခြင်းဖြစ်သည်။