By Ko Paing / MPA
မကွေးတိုင်း၊ မြစ်ခြေမြို့နယ်၊ အောင်သာကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ သေနတ်၁၁လက်သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) က သတင်းထုတ်ပြန်သည်။
ယနေ့(ဇူလိုင်၁၇ရက်) နံနက် ငါးနာရီမှစတင်၍ ခြောက်နာရီခွဲခန့်အထိ မြစ်ခြေမြို့နယ်၊အောင်သာကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၁၀ ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။
“အောင်သာက ပျူရွာဗျ။တစ်ရွာလုံး ပျူတွေ။စစ်သားတွေလည်း နေတယ်။ညသန်းခေါင်လောက်ကတည်းက ကျနော်တို့ရွာကို စကပ်တာ။သူတို့ ရှေ့မျက်နှာစာ ဘန်ကာတွေကို ဝင်ထိုးတယ်။ပခုက္ကူနဲ့မြစ်ခြေက လာမဲ့ စစ်ကူတွေကိုလည်း ဖြတ်တောက်ရေးအတွက်လည်း ကျနော်တို့ပြင်ထားတယ်။လက်နက်နဲ့သုံ့ပန်းတွေကို မိတာကတော့ စာသင်ကျောင်းကနေမိတာပါ”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) အမှတ် ၈၁၅ တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ) မှပြောရေးဆိုခွင့်ရှိသူက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ထံက G-3 လေးလက်၊ကာဘိုင် သုံးလက်၊ ရှော့ဂမ်း နှစ် လက်၊ခါးချိုး တစ်လက်၊၄၀မမ(KIA ထုတ်)တစ်လက်၊ကျည်ဘောက် ၁၄ခု ၊လက်ပစ်ဗုံး တစ်လုံး၊
ကျည်ဆန်များနှင့် မိုဘိုင်းဖုန်း ငါးလုံး သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် သုံပန်းများမှာ စစ်သားလား၊ပျူစောထီးလားဆိုသည်ကို စစ်ဆေးနေဆဲဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များကြောင်း မျက်မြင်တွေ့ခဲ့ သော်လည်း အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်-PLA အမှတ် ၈၁၅ တပ်ဖွဲ့(အနောက်မြောက်စစ်ဒေသ)၊PDO/PDA၊ABSDF၊PRF၊BLYနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။