By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းတွင် တပ်စွဲထားသော စစ်တပ်ကို ရော့ကက်ဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ ( ဇူလိုင် ၁၅ရက် ) နံနက် ၁၀နာရီခွဲခန့်တွင် ပခုက္ကူမြို့ လေယာဉ်ကွင်းရှိ စစ်ကောင်စီတပ်ကို ရော့ကက်အလုံး ၃၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့် ကြာခဲ့ကြောင်း Young Force – UG မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။
” လေယာဉ်ကွင်းမှာက စစ်သားက ၂၀ လောက်ရှိတယ်။ ပြီးတော့ ဟင်္သာပျူရွာနဲ့ ဆင်မရဲပျူရွာက ပျူတွေက ရွာမှာ မနေရဲကြလို့ ထွက်လာကြတာကို လေယာဉ်ကွင်းထဲမှာ အိမ်ဆောက်ပေးပြီး ထား ထားတာ။ စုစုပေါင်း ၁၅၀ လောက်ရှိတယ် ” ဟု ကိုပိန်က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် လေယာဉ်ကွင်းထဲရှိ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
” ကျတော်တို့ဘက်ကစပြီး ရော့ကက်တွေနဲ့ပစ်တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ရော၊ လက်နက်ငယ်တွေနဲ့ရော ပစ်တယ်။ ဒါပေမဲ့၊ လယ်ကွင်းတွေထဲပဲ ကျတာ။ သူတို့ဘက်က ဒဏ်ရာရတွေရဲ့ ဆေးဝါးကုသမှုအခြေအနေတွေလို နောက်ဆက်တွဲတွေတော့ ဘာမှမသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်ခြောက်တပ်ရင်း၊ ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်မှ Cobra One၊ Tatt PKU၊ Thurain TR ၊ Shwe Nyar Myae၊ Young Force – UG နှင့် မဟာမိတ်တပ်ဖွဲများ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။