တစ်ဖက်သတ်အပစ်ရပ်ထားသည့် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို လက်နက်ကြီးအလုံး၃၀ခန့် ပစ်ခတ်ခဲ့ရာအဘွားတစ်ဦး သေဆုံးခဲ့ကြောင်း တအောင်းတပ်မတော် TNLAက သတင်းထုတ်ပြန်သည်။
ယနေ့(ဇူလိုင်၁၅ရက်)မွန်းလွဲ သုံးနာရီခန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ်၊နမ့်ဟူးတောင်အထက်ရွာနေ အဘွားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ကျောက်မဲမြို့၊ရပ်ကွက်ကိုးသို့လည်း စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရခဲ့ကြောင်း TNLA ကဆိုသည်။
ယနေ့မွန်းလွဲ သုံးနာရီခန့်တွင်လည်း သိန္နီမြို လမ်းဆုံနေရာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ သွားသေးကြောင်း သိရသည်။
TNLAနှင့် MNDAA တို့သည် ဇူလိုင်၁၄ရက်၊ည၁၂နာရီမှ ဇူလိုင်၁၈ရက်၊ည၁၂နာရီအထိ လေးရက်တာ တစ်ဖက်သတ် အပစ်ရပ်ထားသည်။
တိုက်ပွဲကာလ ၂၁ရက်အတွင်း စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၆၇ဦး သေဆုံးပြီး ၁၀၆ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။