By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်းထဲသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ခုနှစ်ရက်၊ နံနက် ၁၁နာရီခန့်က ယင်းမာပင်မြို့နယ်၊ ရဲတပ်ရင်း ၂၈ ဗဟိုကင်းကို ဗုံးသီး သုံးလုံးနှင့် တပ်ရင်းအတွင်းရှိ Jammer တပ်ဆင်ထားသည့် ရေစင်ကို ဗုံးသီးတစ်လုံး ကြချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေ့ခင်း ၁၂နာရီခန့်တွင် ရွှေတောင်ဦးဘုရားကုန်းပေါ်ရှိ ရိပ်သာ၌ ပြုလုပ်နေသော စစ်သားမင်္ဂဆောင်ကို ဗုံးသီး သုံးလုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း KLG PDF – ကျောက်လုံးကြီးအဖွဲ့က ယနေ့(ဇူလိုင်ရှစ်ရက်)သတင်းထုတ်ပြန်သည်။
“ ရွှေတောင်ဦးမှာက အရင်ထဲက စစ်သား အကျိုး အကန်းတွေကို ထားတာဗျ။မင်္ဂလာဆောင်က ရွှေတောင်ဦးမှာရှိတဲ့ ရိပ်သာထဲမှာ ပြုလုပ်တာ။ မင်္ဂလာပွဲပျက်သွားတယ်ပဲ သိရတယ်။ ကျန်တာ စုံစမ်းနေတယ်ဗျ” ဟု KLG PDF – ကျောက်လုံးကြီးအဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံ ကိုအေတီက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကို ရဲတပ်ရင်း ၂၈ က လက်နက်ကြီး ခုနှစ်ချက် ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်ဗျူဟာ၄၅ KLG PDF၊ ယင်းမာပင်မြို့နယ် တိုက်နယ်နှစ် ပကဖ၊ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့နှင့် P.R.A.F အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။