By Ko Paing/MPA
ကရင်ပြည်နယ်၊သံတောင်မြို့ မှ တောင်ငူမြို့သို့ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်းသိရသည်။
ယနေ့ (ဇူလိုင်ရှစ်ရက်)နံနက်၁၀နာရီခန့်တွင် သံတောင် ၁၃ မိုင်မှ တောင်ငူမြို့ဘက်သို့ ဆင်းလာသည့် အင်အား ၆၀ ခန့်ပါ စစ်ကား သုံးစီးကို ငါးမိုင် နှင့် ခြောက်မိုင်ကြား သစ်ပုံအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မဟာနှစ်၊ တပ်ရင်းငါး Thawthikhoက သတင်းထုတ်ပြန်သည်။
“သံတောင်ကနေ စစ်ကား သုံးစီး ဆင်းလာတယ်လို့ သတင်းရလို့ လမ်းတစ်ဝက်မှာ စောင့်ပြီး ပစ်တာပါ။အပြန်အလှန်ပစ်ခတ်ချိန် နာရီဝက်လောက်တော့ရှိပါတယ်။ ကားမီးခိုးတွေထွက်တာ တွေ့ရတယ်”ဟု KNLA တပ်မဟာနှစ်၊ တပ်ရင်းငါး Thawthikho တာဝန်ခံ စောပရူးတူ က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကားများ တောင်ငူဘက်သို့ ဆက် ဆင်းသွားကြောင်းသိရသည်။
“တောင်ပေါ်ကို ပြန်တက်လာမလားလို့တော့ စောင့်နေသေးတယ်။ပြန်မလာတာနဲ့ ကျတော်တို့လည်း ပြန်ဆုတ်လာခဲ့တယ်”ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၆ ရက်ကလည်း သံတောင်ကြီးမြို့နယ်၊ဘုရင့်နောင်တပ်စခန်းမှ ဆင်းလာသည့် စစ်ကား ၁၀ စီးကို သံတောင်-တောင်ငူလမ်းရှိ ခြောက်မိုင်နှင့် ခုနှစ်မိုင်ကြားတွင် ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ကြီး တစ်ဦးနှင့် စစ်သား ခုနှစ်ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ထားသေးသည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။