စိန့်မာတင်ကျွန်းသို့ ကျရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ပစ်ခတ်မှုပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိမှန်ပါက လက်တုံ့ပြန်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး Obaidul Quader က ပြောကြားခဲ့ကြောင်း ဇွန် ၁၅ရက်နေ့၊ ဘင်္ဂလားဒေ့ရှ် သတင်းစာ BSS ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁ရက်၊ ၅ရက်၊ ၈ရက်နှင့် ၁၁ရက်တို့တွင် စိန့်မာတင်ကျွန်းသို့ လာရောက်သည့် သင်္ဘောနှင့် စပိဘုတ်များအနီး ကျရောက်ခဲ့သည့် မြန်မာဘက်က ပစ်ခတ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျတော်တို့ အဆင်သင့် ပြင်ထားပါတယ်။ ကျတော်တို့က တိုက်ခိုက်မှာ မဟုတ်ပေမယ့် သူတို့ဘက်က တိုက်ခိုက်လာရင်တော့ ငြိမ်နေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပဋိပက္ခ မရှိပါဘူး။ ဆွေးနွေးဖို့အတွက်လည်း တံခါးဖွင့်ထားတယ်” ဟု ဝန်ကြီး Quader က ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ် လှေတစ်စီး နတ်မြစ်ထဲတွင် ပစ်ခတ်ခံခဲ့ရသေးသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် လှေ ပစ်ခတ်ခံရမှုဖြစ်စဉ်ကို ကန့်ကွက်ခဲ့ပြီး ယင်းအတွက် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
စိန့်မာတင်ကျွန်းအနီး နတ်မြစ်ကမ်းစပ်ရှိ မြန်မာ့ရေပိုင်နက်နယ်မြေ၌ စခန်းချလျက်ရှိသည့် မြန်မာရေတပ်က ရက္ခိုင့်တပ်တော် ရှိရာနေရာကို ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီက တုန့်ပြန်ထားသည်။
လက်ရှိတွင် မြန်မာရေတပ်၏ စစ်သင်္ဘောများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့်ကမ်းရိုးတန်းစောင့်တပ်က သင်္ဘောအများအပြားသည်လည်း စိန့်မာတင်ကျွန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ဧရိယာတွင် ကင်းလှည့်နေကြောင်း သိရသည်။