By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တို့ စစ်ရေးပြန်လည်တင်းမာနေသဖြင့် လားရှိုးနှင့် ကျောက်မဲမြို့ခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ရက်မှ စတင်ခဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ စစ်ဆင်ရေးသည် တရုတ်နိုင်ငံ၏ သုံးကြိမ်ကြိမ်တိုင်တိုင် ဝင်ရောက်ညှိနှိုင်းမှုကြောင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ရေးများရပ်စဲခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၂၄ခုနှစ်၊ ဇွန်၉ရက်တွင် မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တစ်ကျော့ပြန် စစ်ရေးပြန်လည် တင်းမာနေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် လားရှိုးမြို့နှင့် ကျောက်မဲမြို့မှ ဒေသခံအချို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသညည်။
ထို့ပြင် တစ်ကျော့ပြန်ဖြစ်ပွားနိုင်သည့် တိုက်ပွဲကြောင့် လားရှိုးနှင့် ကျောက်မဲမြို့ခံ အချို့တိမ်းရှောင်သူများရှိသလို တိုက်ပွဲအခြေအနေကို စောင့်ကြည့်သူများရှိပြီး ရိက္ခာများ စုဆောင်းနေကြောင်း ကျောက်မဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ မိသားစုအလိုက်ကို ပြေးကုန်ကြပြီ၊ တောင်ပေါ်မှာ အိမ်ရှိတဲ့သူလည်း တောင်ပေါ်ပြန်တယ်။ မန္တလေး၊ ရန်ကုန်မှာ အိမ်ရှိတဲ့သူလည်း ပြန်ကြတယ်။ မြို့မှာလာတက်တဲ့ ကျောင်းသားတစ်ချို့လည်း အကုန်ပြန်ခေါ်ကြတယ်။ ဆန်၊ ဆီ၊ ဆားလည်း အကုန်ကြိုဝယ်ထားကြတယ်” ဟု ၎င်းက MPA ကိုပြောသည်။
ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ အမြှောက်စခန်းနှင့် ခလရ ၅၀၁၊ ၅၀၂ တပ်ရင်းတို့ရှိပြီး ၁၀၂၇ စစ်ဆင်ရေး၌ စစ်ရှုံးခဲ့သည့် စစ်ကောင်တပ်သည် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိုးစစ်ဆင်လာမည်ကို ကြောက်ရွံ့သဖြင့် ကျောက်မဲ၊ လားရှိုး၊ သီပေါနှင့် နမ္မတူမြို့ကြားရှိ လမ်းများကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ မေလတွင်လည်း စစ်ကောင်စီက လားရှိုး၊ သီပေါနှင့် ကျောက်မဲမြို့အတွင်း တပ်အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အင်အား ဖြည့်တင်းမှုများလည်းပြုလုပ်ခဲ့သည်။
“လားရိူးမှာ ပြီးခဲ့တဲ့ တစ်လအလိုမှာ အင်အားတွေဖြည့်ထားပြီးသား၊ အဲ့ဒါကြောင့် မဟာမိတ်တွေဝင်လာလို့မရအောင် လမ်းတွေ ဖျက်းဆီးလိုက်တယ်။ အခုလောလောဆယ်တော့ မြို့အတွင်းက ပုံမှန်သွားလာနေတုန်းပဲ၊ တချို့လည်း ကြိုတင်ပြေးတာလည်း ရှိတယ်” ဟု လားရိူးမြို့ခံအမျိုးသား တစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည့် လားရှိုးနှင့် ကျောက်မဲမြို့တိုကို မတိုက်ခိုက်ခဲ့သဖြင့် ယခုတကျော့ပြန်စစ်ပွဲဖြစ်ပွားလာပါက ယင်းမြို့များ တိုက်ခိုက်ခံရမည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။
ယင်းအပြင် လားရှိုးမြို့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပြင် ခလရ ၅၀၇၊ ခလရ ၆၁၈၊ ခလရ ၄၁၁၊ ခလရ ၅၀၂၊ ခလရ ၆၂၆ တပ်ရင်းနှင့် အမြှောက်တပ်တို့ အထိုင်ရှိနေပြီး TNLA တပ်ဖွဲ့များကလည်း လားရှိုးမြို့သို့ ဦးတည်ကာ စစ်ချီလာသည်ဟု လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန်တိုက်ပွဲပြန်စနိုင်သည့် အခြေအနေများဖြစ်ပေါ်နေသော်လည်း သီပေါမြို့၌ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများမရှိသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက ကိုးကန့်ဒေသတစ်ခုလုံးအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခုနှစ် မြို့နယ်ကို လက်လွှတ်ခဲ့ရပြီး ကျန်ရှိသည့် လားရိူး၊ သီပေါ၊ ကျောက်မဲနှင့် စသည့်မြို့နယ်မှာ အလွယ်တကူဆုံးရူံးခံမှာ မဟုတ်သည့်အတွက် တိုက်ပွဲပိုမိုးပြင်းထန်လာပြီး ထိခိုက်ဆုံးရူံးမှုလည်း များလာနိုင်ကြောင်း ဒေသခံများက သုံးသပ် ထားသည်။