10 June 2024 By Poe Sangle /MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တပ်သား သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်၊ပန်တင်ရွာနှင့် မန်ပိန်းရွာကြားတပ်စွဲထားသော TNLA တပ်စခန်းကို ဇွန်ကိုးရက်၊ ညနေ လေးနာရီခွဲခန့်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
“တပ်သား သုံးဦးတော့ ဒဏ်ရာရသွားတယ်။ အပျက်အစီးနည်းနည်းရှိမယ်ပေါ့။ စစ်ေကာင်စီ လုပ်ရပ်နဲ့ ပတ်သက်ပြီး ထွေထွေထူးထူးပြောစရာမရှိတော့ပါဘူး။ စစ်ကောင်စီရဲ့ စစ်ကြောင်းလှုပ်ရှားမှုအပေါ်ကြည့်ပြီ တုံ့ပြန်မယ်။ ဒီနေ့(ဇွန်၁၀ရက်)မနက်အထိတော့ ငြိမ်နေတယ်။ ဘာမှ မကြားရသေးဘူး”ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇွန်လ တစ်ရက်မှ ကိုးရက်အထိ စစ်ကောင်စီတပ်က TNLA တပ်ရှိရာသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သေးကြောင်း TNLA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့သည် ရှမ်းမြောက်ဒေသ၌ အပစ်အခတ်ရပ်စဲရေး သဘောတူထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများ တည်ရှိရာကို လက်နက်ကြီးဖြင့် မကြာခဏာ ပစ်ခတ်လေ့ရှိကြောင်း သိရပါသည်။