By Ko Paing / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာသုံးရွာအခြေစိုက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦးက ယနေ့ (ဇွန် ၃ ရက်) သတင်းထုတ်ပြန်သည်။
ဇွန်လ နှစ်ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် မတ္တရာမြို့နယ်၊ တံငါရွာ(တောင်)ရှိ ဘုန်းကြီးကျောင်းနှင့် တံတားအဆင်း၌ စစ်ကောင်စီတပ်ကို ဒရုန်း သုံးစင်းဖြင့် ဗုံးသီးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ သုံးရက် ပွဲကတာမှာ သေဆုံးစာရင်းကိုတော့ ကျတော်တို့ မသေချာလို့ မပြောတာပါ။ကျနော်တို့ တိုက်တာတွေက အထိုင်စခန်းတွေဖြစ်တော့ ရန်သူ့ဘက်က သတင်းကို ရဖို့ခက်တယ်။ရန်သူ့ဘက်က ၆၀(မမ) တွေနဲ့ ပြန်ပစ်တာမျိုးလောက်ပဲရှိပါတယ်”ဟု ရတနာပုံတပ်ဦး တာဝန်ခံ ရဲဘော်ကီရီက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ မတ္တရာမြို့နယ် (ပကဖ) နှင့် မတ္တရာမြို့နယ်ဒရုန်းတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၃၁ ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင်လည်း မတ္တရာမြို့နယ်၊ ပန်ယျရွာ၊ ရွှေသစ္စာဘုရားဝင်း အတွင်းရှိ စစ်သားများကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ထို့အပြင် မေလ ၃၀ ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင်လည်း ပန်ယျရွာ မြောက်ကျောင်းသို့ ရောက်ရှိနေသော စစ်သားများကို ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ပြီး သုံးနာရီဝန်းကျင်၌ စကျင်ရွာလမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်သားများအား ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)၊ မတ္တရာမြို့နယ် (ပကဖ) နှင့် 7 PDF (MDY) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။