ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသော ခရိုင်ရုံးနှင့် အနီးနားရှိကင်းစခန်းများကို မေ ၃၀ ရက်၊ နေ့လယ် ၁၁ နာရီအချိန်တွင် CDF(မတူပီ)၊ တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၂)၊ အောက်ချင်းတပ်ရင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယမန်နေ့ကသတင်းထုတ်ပြန်သည်။
အောက်ချင်းတပ်ရင်းအနေဖြင့် စစ်ကောင်စီအင်အား(၄၀)ခန့်ဖြင့်တပ်စွဲထားသော ခရိုင်ရုံးနှင့် အနီးအနားရှိကင်းစခန်းများကို မေ ၃၀ ရက်၊ နံနက် ၃ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၁၁ နာရီတွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း CDF(မတူပီ)၊ တပ်မဟာ(၂)၏ တပ်မဟာမှူးနိုင်ဂျွန်းကိမ်းက ဆိုသည်။
“ ရန်သူဘက်က ဘယ်လောက်ကျလဲဆိုတာတော့ ကျတော်တို့ဘက်က ကွင်းဆင်းစစ်ဆေးမှုတွေလုပ်နေတယ်။ သွေးစွန်းတာတွေဘာတွေတော့ရှိပါတယ်ပေါ့။ ညမှာ ကျတော်တို့ဝင်တော့ ကျတော်တို့ဘက်ကတစ်ယောက်တော့ မိုင်းထိပါတယ်။ ခြေထောက်နှစ်ဘက်လုံးပြတ်တဲ့တစ်ယောက်ရှိပါတယ်။ ကျည်ဆံမှန်တာဘာညာတော့မရှိဘူး” ဟု တပ်မဟာမှူးနိုင်ဂျွန်ကိမ်းက MPA ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုပြီးနောက် ခရိုင်ရုံးနှင့်အနီးပတ်ဝန်းကျင် ကင်းစခန်းများရှိ စစ်ကောင်စီတပ်သားများအနေဖြင့် မတူပီမြို့ပေါ်၊ ခလရ(၁၄၀)တပ်ရင်းအတွင်းသို့ ဆုတ်ခွာဝင်ရောက်သွားကြကြောင်း သိရသည်။
ထို့ပြင် မတူပီမြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီဂိတ်များအနေဖြင့်လည်း ပြန်လည်ရုတ်သိမ်းသွားပြီး မြို့ပေါ်တပ်ရင်းစခန်းများအတွင်း ခံစစ်ပြင်နေသည့်အနေအထားရှိကြောင်း မတူပီမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ အရင်ကနဲ့တော့ လုံးဝမတူတော့ဘူး။ မနေ့ကခရိုင်ရုံးသိမ်းပြီးတော့ မင်းတပ်လမ်းဘက်ကဂိတ်တွေ၊ လိုင်လင်းပီသွားတဲ့လမ်းဘက်ကဂိတ်ရော၊ ဟားခါးလမ်းဘက်၊ ခရိုင်ရုံးဘက်ကဂိတ်တွေပေါ့နော်၊ ပြီးတော့ ခလရ(၃၀၄)ဘက်ကဂိတ်တွေရော၊ ဂိတ်တွေအကုန်ဖြည်ပြီး တပ်စခန်းအတွင်းမှာပဲ နေကြတော့တာ။ လုံးဝအပြင်ထွက်တာတော့မရှိတော့ဘူး” ဟု ၎င်းကရှင်းပြသည်။
CDF(မတူပီ)တပ်မဟာ(၂)အနေဖြင့် တိုက်ပွဲများဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြရန်ကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။