စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို PDF အယောင်ဆောင်၍ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂ ၏ တပ်ထောက်တာ၀န်ခံ ကိုနေမင်းကဆိုသည်။
လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က အကြောင်းမဲ့ဖမ်းဆီးကာ ယင်းနေ့မှာပင်ခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသူ ၂၃ ဦးအနက် လေးဦးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ပြီး ၁၉ ဦးကို ယနေ့ (မေ ၂၇ ရက်)၊ နံနက် ၁၁ နာရီခန့်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။





“ ဖမ်းသွားတာ ၂၄ ရက်နေ့က၊ လယ်ယာလုပ်ကိုင်နေကြတဲ့ သူတွေနဲ့ တောခုတ်သူတွေရော အနီးနားက ပြည်သူတွေကို PDF အယောင်ဆောင်ပြီး အင်မထီးပျူရွာက ပျူခေါင်းဆောင်အေးမင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားတာပါ။ အသတ်ခံလိုက်ရတဲ့ အလောင်းတွေကိုတော့ တိရိစ္ဆာန်တစ်ကောင်လို ကြိုးနဲ့တရွတ်တိုက်ဆွဲချတယ်လို့ လွတ်လာသူများ ပြောကြားချက်ရ သိရပါတယ်” ဟု ကိုနေမင်းက MPA ကိုပြောသည်။
ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ အသက် ၅၀ အရွယ်ဦးကျော်ခိုင်၊ အသက် ၃၀ အရွယ် ကိုထွန်းနိုင်၊ အသက် ၂၅ နှစ်အရွယ် ကိုတင့်ဇော်ဦးနှင့် အသက် ၂၃ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ ဖြစ်သည်။
“ လွတ်လာတဲ့သူတွေကလည်း ပြန်ရွေးခဲ့ရတာပါ၊ ဖမ်းဆီးခံရသူ အားလုံးကို ငွေ ၂၅ သိန်းအပါအ၀င် ဘီယာဖာသုံးဖာနဲ့ အရက်ဖာတစ်ဖာ၊ ကြက်ဥ၊ ဆန်ရိက္ခာတွေနဲ့ လဲခဲ့ရတယ်” ဟု ကိုနေမင်းက ဆက်လက်ပြောသည်။
ပြန်လည်လွတ်မြောက်လာခဲ့သူများတွင် တောင်ရွာသစ်ကျေးရွာနေ ပြည်သူ ၁၇ ဦးနှင့် ကျောက်ကုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။
“ အခု လွတ်လာတဲ့သူတွေကိုလည်း နှိပ်စက်ပြီး ရိုက်နှက်ထားတာ၊ တောင်ရွာသစ်က ကန့်ဒေါင့်ရဲစခန်းနဲ့ကလည်း မဝေးဘူး၊ အင်မထီးရွာဆိုရင် လှမ်းမြင်နေရတာ၊ စိုက်ခင်းတွေနားမှာလည်း သူတို့(အင်မထီးကျေးရွာမှ ပျူစောထီး)က မိုင်းတွေထောင်ထားကြတာ၊ ကိုယ့်လယ်၊ ကိုယ့်မြေယာမှာတောင် မသွားရဲဘူး” ဟု တောင်ရွာသစ်ကျေးရွာသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြည်သူသုံးဦးကိုဖမ်းဆီး၍ ရိက္ခာများယူဆောင်သွားခဲ့သည်။