စစ်ကိုင်းမြို့အနီး ငွေတောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း ရတနာပုံတပ်ဦး (ပြင်ဦးလွင်ခရိုင် ဒရုန်းအဖွဲ့)က သတင်းထုတ်ပြန်သည်။
မေလ ၂၆ ရက်နေ့ ၊နံနက် ၁ဝ နာရီကျော်တွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း၊ စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြင်းနှင့် ငွေတောင်းရမ်းခြင်းတို့ ပြုလုပ်နေသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားများကို မိုင်းဆွဲပြီးနောက် ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျနော်တို့က အရင်ဆုံးအဝေးထိန်းမိုင်း လေးလုံးဆွဲလိုက်ချိန် အတော်များများထိတယ်။သေ မသေတော့မသိရဘူး။လဲကျသွားတာတော့ မြင်ရတယ်။ပြီးတော့ ဒရုန်းနဲ့ ဗုံးသီး တစ်လုံးချလိုက်တာ ရပ်ထားတဲ့ကားပေါ်ကျပေါက်ကွဲသွားတယ်။ကားလည်းပက်လက်လန်သွားတယ်”ဟု ရတနာပုံတပ်ဦး(ပြင်ဦးလွင်ခရိုင်ဒရုန်းအဖွဲ့)မှ တာဝန်ခံ ကီရီ က MPA သို့ ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် ယင်းဂိတ်မှနေ၍ ၆၀(မမ) လက်နက်ကြီးဖြင့် တစ်ချက် ပစ်ခတ်မှုရှိသလို စစ်ကိုင်း မြို့တွင်းမှ စစ်ကားနှစ်စီး ထွက်လာကာ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“လမ်းဆုံဂိတ်ဗျ။စစ်ကိုင်းမြို့အထွက် မြို့နဲ့နီးနီးလေး။ထိခိုက်သေဆုံးက ၁၀ ဦးထက်မနည်းဒဏ်ရာရတယ်လို့ပြောလို့ရမယ်။ကင်းထောက်ဒရုန်း ဝဲဖို့ကလည်း မြို့နဲ့နီးတော့ ခက်တယ်။ကျနော်တို့ကလည်း မစ်ရှင်ပြီးတာနဲ့ တန်းပြန်ဆုတ်လာတာ”ဟု စစ်ကိုင်းမြို့နယ်ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိခိုက်သော စစ်သားများကို စစ်ကိုင်းမြို့တွင်းမှ လူမှုကူညီရေးအသင်းကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပကဖ၊စစ်ကိုင်းမြို့နယ် ဇုန်လေး ပကဖ နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်သားများ ထိခိုက်မှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။