ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခတ်ချိုကျေးရွာအတွင်းသို့ မေ ၂၀ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံခြောက်ဦး သေဆုံးသွားခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သူများထံမှ သိရသည်။
ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ခတ်ချိုကျေးရွာ၊ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် ကလေးငယ်သုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ရွာခံ ၁၁ ဦးထိလည်း ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။
“ စစ်တပ်ကပစ်လိုက်တာ လက်နက်ကြီးက။ ရွာထဲကျတာ ဟုတ်တယ်။ ကလေးသုံးယောက်၊အမျိုးသားတစ်ယောက်၊ အမျိုးသမီးနှစ်ယောက် လက်နက်ကြီးစထိပြီး သေသွားတာ” ဟု ခတ်ချိုကျေးရွာတွင်နေထိုင်သူတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ ဆေးရုံများသို့ ပိုဆောင်ထားကြောင်း သိရသည်။
“ ထိခိုက်ဒဏ်ရာရသူတွေက ဒဏ်ရာပြင်းထန်တယ်။ ဆေးရုံကိုပို့ထားတာ ဟုတ်တယ်။ အခြေအနေတော့ ထပ်မသိရသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါလက်နက်ကြီးကို မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်တွင် အထိုင်ချတပ်စွဲထား
သည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး သေဆုံးသူများမှာ စစ်တပ်မိသားစုဝင်များဟု ဒေသခံများက ပြောဆိုသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စစ်ကောင်စီဘက်က ခတ်ချိုကူးတို့ဆိပ်ကို ပိတ်လိုက်ကြောင်း ကျေးရွာနေပြည်သူများက ဆိုကြသည်။
“ ကူးတို့ဆိပ်ကိုပိတ်ထားလိုက်ပြီ။ ဘယ်အချိန်ပြန်ဖွင့်ပေးမလဲတော့ မသိဘူး။ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်လာနိုင်တယ်” ဟု ဝိုင်းမော်ဒေသခံတစ်ဦးက သုံးသပ်သည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဗလမင်းထင်တံတားအနီးရှိ မိုင်းနားစုပေါင်းဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မေ ၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားခြောက်ဦးသေဆုံးခဲ့သေးသည်။
ထို့ပြင် မေ ၁၈ ရက်မှစတင်ကာ ဝိုင်းမော်မြို့တွင် KIA နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်အသုံးပြုကာ အပြင်းအထန်ခုခံလျက်ရှိသည်။