တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း Ba Htoo-Armyမှ သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၃ရက်၊ နေ့လယ် ၁၂နာရီ ၂၀မိနစ်ခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် အင်အား ၂၀ခန့်ဖြင့် စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ba Htoo-Armyမှ ပြန်ကြားရေးတာ၀န်ခံ ကိုထက်မြက်ကပြောသည်။
“ သေတာကအတိအကျပဲဗျ၊ ပစ်ခတ်တဲ့အချိန်မှာသေတာဗျ၊ တိုက်ပွဲပြီးတော့အလောင်းကို ကားနဲ့လာတင်သွားတယ်။အဲဒီစစ်ဆေးရေးဂိတ်က စကခ ၈ နဲ့လည်းနီးတယ်။ တပ်ဆေးရုံနဲ့လည်းနီးတယ်” ဟု ကိုထက်မြက်ကပြောသည်။
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အင်အားထပ်မံတိုးခဲ့ပြီး ထားဝင်မြို့အဝင်နေရာအားလုံးကို စစ်ဆေးမှုတင်းကျပ်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ တစ်နေ့(မေ ၁၂ရက်)က ညဘက် ဗုံးကွဲသံအကျယ်ကြီးကြားရတယ်။ မနေ့က(မေ ၁၃ရက်)လည်း နေ့လယ်ပိုင်း အိမ်ရှေ့ပြင်နားက ဂိတ်မှာ ပစ်ခတ်သံကြားရတယ်။ ပြီးတော့ တစ်မြို့လုံးကို သူတို့(စစ်ကောင်စီ)က ပိတ်ချထားတယ်။ ညနေ ၆နာရီမှ ပြန်ဖွင့်ပေးတယ်” ဟု ထားဝယ်မြို့၊ ဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ထားဝယ်မြို့အတွင်း သွားလာမှုအား ခြောက်နာရီခန့် ပိတ်လိုက်သဖြင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အမတ-၃၀၂ အမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မောင်မယ်ရှောင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပြီး အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၁၂ရက်ကလည်း ထားဝယ်မြို့နယ်၊ ကမ်းနားလမ်း၊ သဲကွင်းအနီး ကင်းလှည့်နေသည့် စစ်ကောင်စီ ကား သုံးစီးကို လောင်းလုံ ပကဖနှင့် ဒေါင်းညီနောင် စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ ကြောင်း သိရသည်။