တော်လှန်ရေးကာလသုံးနှစ်အတွင်း ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)အနေဖြင့် ရဲဘော်(၂၈)ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးသုံးနှစ်ပြည့်အဖြစ် CDF(ကန်ပက်လက်)က ယနေ့ထုတ်ပြန်သည်။
CDF(ကန်ပက်လက်)ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး မေ ၁၃ ရက်တွင် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများအား စတင်တိုက်ခိုက်ခဲ့သောကြောင့် CDF(ကန်ပက်လက်)၏ တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့တွင်တော်လှန်ရေးသုံးနှစ် ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
“ CDF-Kanpetlet ရဲ့ ပထမဦးဆုံး စခန်းသိမ်းအတွေ့အကြုံလည်းဖြစ်တယ်။ ရဲဘော်တွေဟာ ရန်သူကို ရန်သူလိုတိုက်ခိုက်ပြီး မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း တိုက်ခိုက်တဲ့အခါမှာ ရဲစွမ်းသတ္တိတွေ မြင်ရတယ်” ဟု CDF(ကန်ပက်လက်)၏ တပ်မဟာမှူးဆလိုင်းထွန်းလိန်းထန်းက MPA ကိုပြောသည်။
တော်လှန်ရေးကာလသုံးနှစ်အတွင်း CDF(ကန်ပက်လက်)အနေဖြင့် တိုက်ပွဲပေါင်း(၂၀၀)ကျော်ဖော်ဆောင်နိုင်ခဲ့ပြီး ချင်းညီနောင်မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ ကျင်ဒွေးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ရာ ယင်းတိုက်ပွဲတွင် ရဲဘော် (၁၃)ဦးကျဆုံးခဲ့၍ CDF(ကန်ပက်လက်) အတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲသည် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ အကောင်းဆုံးခံစစ်ပြင်ဆင်မှုနှင့် ခုခံသည့်စခန်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ လေကြောင်းတိုက်ခိုက်မှုအများဆုံးနှင့် လေကြောင်းစစ်ကူချမှုအများဆုံးပေးသည့် နေရာဖြစ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးကာလသုံးနှစ်အတွင်း ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများသာ လည်ပတ်နိုင်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများမှာ လည်ပတ်နိုင်ခြင်းမရှိတော့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Mai Nay က ပြောသည်။
“ ချင်းရဲ့အခြားမြို့နယ်တွေလို ကန်ပက်လက်မှာကျတော့ စစ်ကောင်စီအနေနဲ့ စာသင်ကျောင်းလည်းဖွင့်နိုင်ခြင်းမရှိဘူး။ ဆေးရုံဆေးခန်းလည်း လည်ပတ်နိုင်ခြင်းမရှိဘူးဆိုတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားက လည်ပတ်နိုင်ခြင်းမရှိဘူးလို့ပဲ ပြောရမှာပေါ့နော်” ဟု ၎င်းကရှင်းပြသည်။
တော်လှန်ရေးသုံးနှစ်တာကာလအတွင်း တစိုက်မတ်မတ် ထောက်ပို့ပေးကြသော ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် CDF(ကန်ပက်လက်)အနေဖြင့် ချင်းညီနောင်နှင့်တကွ နိုင်ငံရေးရည်မှန်းချက်တူညီသည့် အဖွဲ့များနှင့် တော်လှန်ရေးအောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားထားသည်။