စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ ရေစကြိုပကဖထဲသို့ ဝင်ရောက်လာသော လူငယ် ၄၀ ကျော်တို့ အခြေခံစစ်သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။
ယင်းလူငယ် ၄၀ ကျော်တို့မှာ မကွေးတိုင်းတောင်ပိုင်းနှင့် ရန်ကုန်မြို့တို့ကဖြစ်ပြီး မေလကိုးရက်က ပြီးဆုံးခဲ့သည့် ရေစကြိုမြို့နယ်ပကဖ၏ အခြေခံစစ်သင်တန်းအပတ်စဉ် ၂၅ သို့ တက်ရောက်အောင်မြင်ခဲ့ကြခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။
” အခြေခံသင်တန်း အရင်တက်ရတာပေါ့။ အခြေခံပြီးမြောက်မှ နောက်ထပ်တိုက်ခိုက်ရေးပေါ့။ ဒါကတော့ အခြေခံအရည်အချင်းစစ်တာပေါ့” ဟု ရေစကြိုမြို့နယ်ပကဖတာဝန်ခံ၊ ရဲဘော်ဝေကြီးက MPA သို့ပြောသည်။
စစ်သင်တန်းအပတ်စဉ် ၂၅ တွင် လူငယ် ၁၀၀ ကျော်ပါဝင်ပြီး နောက်ထပ်တစ်ဆင့် တိုက်ခိုက်ရေး သင်တန်းဆင်းပြီးပါက လက်နက်တပ်ဆင်ပေးမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ်ပကဖ ထံကသိရသည်။
ရေစကြိုမြို့နယ်ပကဖသည် ရေစကြိုမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များကို အမြဲလိုလို ဝင်ရောက်တိုက်ခိုက်နေပြီး မြို့စွန်ရပ်ကွက်အချို့ကိုလည်း PDF တပ်ဖွဲ့များက စိုးမိုးထားကြောင်းသိရသည်။
” ဒီနေ့ (မေလ ၁၀ ရက်) ဆို မြို့ထဲမှာ တော်တော်ရှုပ်နေတယ်။ ဖမ်းတာဆီးတာတော့ မရှိသေးဘူး။ စစ်မှုထမ်းဖို့လည်း လူစုနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး” ဟု ရေစကြိုမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရေစကြိုမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့် နယ်မြေဖြစ်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နည်းပါးသည့်အတွက် မြို့ပေါ်၌ရော ကျေးလက်မှာပါ စစ်မှုထမ်းဥပဒေ သက်ရောက်မှုမရှိကြောင်း သိရသည်။