ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအနီးတွင်ရှိသည့် သဘက်ချောင်းတံတားအား မိုင်းခွဲဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည့်သူ့စစ်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ရှစ်ဦး သေဆုံးသွားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA ) က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၁ ရက်က တံတားအား မိုင်းလာဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဘုရားစေတီများလည်း ပျက်ဆီးခဲ့ကြောင်း PNLA ပြောခွင့်ရသူ ခွန်ရိန်းယံက ဆိုသည်။
“အဲဒီလိုတွေလုပ်ပြီးတော့ ကျတော်တို့ သွားပစ်တာ၊ တိုက်ပွဲဖြစ်တာကနှစ်နာရီ နီးပါးကြာမယ်၊ သူတို့ဘက်ကရှစ်ယောက်သေတယ်၊ အလောင်းတွေကောက်ပြီး နောက်ပြန်ဆုတ်သွားတယ်၊ နှစ်လောင်းကတော့ ဟိုဘက်ကမ်းမှာကျန်ခဲ့တယ်၊ ကျတော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”ဟု ၎င်းက MPA ကိုပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆီဆိုင်မြို့ အနောက်တောင်ဘက်ရှိ ကျေးရွာများအား လက်နက်ကြီးများ၊ ဒရုန်းများဖြင့်နေစဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေသဖြစ် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“အရင် တိုက်ပွဲဖြစ်တော့ အဲဒီဘက်(သဘက်ကျေးရွာအုပ်စု)နည်းနည်းအေးတယ်၊ လေကြောင်းကြောက်လို့ ရှောင်နေရတဲ့ ပြည်သူတွေတော့ရှိတယ်၊ ထိခိုက်ပျက်ဆီးမှုလည်းနည်းတယ်၊ အခုက အဲဒီဘက်မှာ တော်လှန်ရေး အဖွဲ့တွေရှိတယ်ဆိုပြီး စစ်တပ်က နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်နေတာ၊ ပြည်သူတွေလည်းမနေရဲဘူး ထွက်ပြေးနေရတယ်”ဟု ၎င်းကရှင်းပြသည်။
ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကိုလည်း စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှုးများက နေရပ်သို့ ပြန်လည် နေထိုင်ရန် ဖိအားပေး ခြိမ်းခြောက်နေကြောင်း စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ လွိုင်ကော် သွားတဲ့ဖက်ကို စစ်တပ်က ပြန်နေရာယူထားတယ်၊ ပြည်သူတွေအဝင်၊ အထွက်စစ်တယ်၊ ပြီးတော့ သူတို့ကသာ နယ်မြေအေးချမ်းပြီဆိုပြီး ပြန်ခေါ်နေတာ လက်နက်ကြီးပစ်သံက နေ့တိုင်းကြားနေရတယ်၊ အဲဒီတော့ အစ်မတို့လည်းမနေရဲဘူး၊ တစ်ည၊ နှစ်ညအိပ်ပြီး ပြန်လာရတယ်”ဟု ထိုအမျိုးသမီးက ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကလည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် သဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။