ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မြောက် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊မင်းတပ်မြို့နယ်၊တိုက်နယ် အမှတ် နှစ်၊ဝမ္မသူးရွာရှိ ဝမ္မသူး ဆေးရုံကို ဧပြီ၂၈ရက်၊မွန်း လွဲ တစ်နာရီခွဲကျော်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စင်းဖြင့် ဒုတိယအကြိမ်မြောက် ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“ ဆေးရုံကို တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတာပါ။ ဆေးရုံတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွား တယ်။ဆေးရုံက နှစ်ထပ်ဆိုတော့ အပေါ်ရော၊အောက်ရော လုံးဝပျက်စီးသွားတာပေါ့” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က MPA သို့ ပြောသည်။
ယင်းဆေးရုံအနီးရှိ ဝမ္မတူးရွာမှ နေအိမ် ရှစ်လုံးလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး ဒေသခံများ၊ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူနာများမှာ တိမ်းရှောင်နေကြသဖြင့် သေဆုံးထိခိုက် မှုမရှိပေ။
“ သူတို့(စစ်ကောင်စီ)လာကြဲခါနီးအချိန်မှာ ဆေးရုံက လူနာတွေ၊လူနာစောင့်တွေနဲ့ တာဝန်ရှိသူတွေက တိမ်းရှောင်ဖို့ အချိန်ရလိုက်လို့ ထိခိုက်သေကြေတာတွေ မရှိပါဘူး။ဆေးရုံနားက ဝမ္မတူးရွာတွေကလည်း ရွာလုံးကျွတ် တိမ်းရှောင်နေတဲ့အတွက် ကံကောင်းသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ဧပြီ ၂၅ ရက်၊ ညကလည်း ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဆေးရုံတက်နေသည့် လူနာ လေး ဦး နှင့် လူနာစောင့် တစ်ဦးတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ထက်မနည်းရှိကြောင်း သိရသည်။

ပုံစာ- ဝမ္မသူးဆေးရုံကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။

ပုံစာ- ဝမ္မသူးဆေးရုံကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။

ပုံစာ- ဝမ္မသူးဆေးရုံကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။
“ ကျွန်မတို့စပြေးတာက ၂၅ရက်နေ့ကတည်းကပေါ့။ပြေးတဲ့နေရာက သတ်သတ်မှတ်မှတ်တော့ မရှိဘူး။ အနီးအနားက တောင်ယာတွေထဲပေါ့။ဆွေမျိုးရှိတဲ့ဘက် သွားတဲ့သူကတော့ နည်းနည်း ပဲရှိတယ်။ ဒီကာလက အကုန်ခက်ခဲနေတာ ဆိုတော့လေ။မနေ့ကဆို ရွာထဲတွေပါ ဗုံးကျတော့ ဘယ်သူမှ ပြန်မဝင်ရဘူး” ဟု ဝမ္မသူးရွာသူတစ်ဦးက ပြောသည်။
ဝမ္မသူးဆေးရုံသည် ချင်းပြည်နယ်၊တောင်ပိုင်းသာမက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့က တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများ အားထားရာဆေးရုံတစ်ရုံ ဖြစ်ကြောင်း MPA က စုံစမ်းသိရသည်။
နိုင်ငံတကာအနေဖြင့် စစ်ကောင်စီတပ်၏လုပ်ရပ်အပေါ် လျစ်လျူရှုမထားဘဲ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တားဆီးအရေးယူပေးရန် လိုအပ်ကြောင်း ယင်းဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။
စစ်ကောင်စီတပ်က အာဏသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ တစ်ရက်နေ့မှ ယနေ့အထိ မြန်မာနိုင်ငံအနှံ့ရှိ ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ဆောင်မှုပေးခြင်းအပေါ် တိုက်ခိုက်မှု ၁၂၉၃ကြိမ် ကျူးလွန်ခဲ့ကာ ဆေးရုံ၊ဆေးခန်း ၃၄၃ခုကို ဖျက်ဆီးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်း ၁၀၄ဦး သေဆုံးခဲ့ပြီး ၁၃၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUGအစိုးရက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပျက်စီးသွားသည့် ဝမ္မတူးဆေးရုံ ဆေးကုသမှုဆိုင်ရာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဒေသခံတော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။