တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ယင်းစခန်းအနီးတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်သား ၆၀ ခန့်ရှိသော ပလမြို့ရဲစခန်းကို ဧပြီ ၂၈ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် တိုတောင်စခန်းကို ဗုံးသီးတစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ သတင်းပြန်ကြားဌာနတာဝန်ခံ ရဲဘော်အာနိုးကဆိုသည်။
” ပလမြို့ရဲစခန်းနဲ့ တိုတောင်နဲ့က တစ်မိုင်လောက်ပဲဝေးတာ။ တိုတောင်မှာက အင်အား ၂၀ နဲ့ ၃၀ ကြားမှာရှိတယ်။ ကျတော်တို့က ပစ်မှတ်ကိုတိတိကျကျချနိုင်ခဲ့တဲ့အတွက် စစ်သားတွေထိခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု ရဲဘော်အာနိုးက MPA ကိုပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားထိခိုက်၊ သေဆုံးမှုအသေးစိတ်ကို အတည်ပြုရန် ခဲယဉ်းကြောင်း ရဲဘော်အာနိုးက ရှင်းပြသည်။
” ပလရဲစခန်းတိုက်ခိုက်ခံရပြီးချိန်မှာတော့ ရဲစခန်းထဲ လူနာတင်ယာဉ် ဝင်ထွက်တာရှိပါတယ်။ များသောအားဖြင့် သူတို့ ( စစ်ကောင်စီတပ်သား ) ဒဏ်ရာရရင် ဘိတ်ဆေးရုံကို သယ်ပြီး ကုလေ့ရှိပါတယ် ” ဟု ၎င်းကဆိုသည်။
ယင်းရဲစခန်းတိုက်ခိုက်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ရွာများသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်မှာ နှစ်ရက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
” ဇရပ်ဆိပ်၊ တပိုကျေးရွာဘက်တွေကို ကျပါတယ်။ လူထိခိုက်တာတို့ ၊ အိမ်တွေပျက်စီးတယ်ဆိုတာမျိုးတော့ မကြားမိသေးဘူး။ လက်နက်ကြီးသံကြားရင် အကုန်ဗုံးခိုကျင်းထဲပဲ ဝင်နေကြတာဆိုတော့ ” ဟု ၎င်းကဆိုသည်။
မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းသည် တပ်ရင်းစတင် တည်ထောင်ပြီးချိန်မှစ၍ ယနေ့အချိန်ထိ တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း ယင်းတပ်ရင်းထံက သိရသည်။