အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃) ကြိမ် ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စာရင်းများအရ သိရသည်။
ထို့ပြင် အဆိုပါ ကာလများအတွင်း ဆေးရုံ၊ ဆေးခန်း (၃၄၃) ခုကို ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့ကာ ၁၃၁ ဦးကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း NUG ကဆိုသည်။
အထက်ပါ စာရင်းအချက်အလက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဝမ္မသူးဆေးရုံကို ဧပြီ ၂၅ ရက်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအပြီး NUG ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်”ဟု NUG က ထုတ်ပြန်ပြောကြားခဲ့သည်။
ဆေးရုံဆေးခန်း၊ စာသင်ကျောင်းအပြင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာပေါင်းစုံ အထွတ်အမြတ်ထားရာ အဆောက်အဦးများကိုပါ တိုက်ခိုက်ဖျက်ဆီးနေခြင်းမှာ စစ်ကောင်စီသည် ကမ္ဘာတွင် အဆိုးရွားဆုံးအဖွဲ့အစည်း တစ်ခုဖြစ်သည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။
“သူတို့ရဲ့ ရက်စက်ယုတ်မာမှုက အတိုင်းအထက်အလွန်ပေါ့၊ ကမ္ဘာမှာ အရက်စက်ဆုံး အယုတ်မာဆုံး အဆိုးရွားဆုံးလူတွေလို့ပြောရမှာပဲ၊ ဆေးရုံစာသင်ကျောင်းတွေကိုပါ မချန်ဘူးဆိုတာက သူတို့မှာကတော့ ဥပဒေမရှိဘူးပေါ့လေ၊ စစ်စည်းကမ်းတွေရှိတယ်၊ စစ်သည်တော် ကျင့်ဝတ်တွေရှိတယ် သို့ပေမဲ့ သူတို့မှာ အဲ့ဒါတွေ ခေါင်းထဲမှာကို မရှိဘူး၊ သူတို့ရဲ့ စိတ်ထဲမှာ ဘာပဲရှိလဲဆိုရင် ပြည်သူကိုဖိနှိပ်မယ် အကြောက်တရားထည့်မယ် ကြောက်လာအောင်လုပ်မယ်ဒါပဲရှိတာ”ဟု မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီသည် တော်လှန်ရေးကာလ အစောပိုင်းများတွင် နယ်မြေတော်တော်များ၌ ထိန်းချုပ်မှုများပြုလုပ်ခဲ့သော်လည်း အသာစီးမရရှိဘဲ ကျဆုံးမှုများပိုမိုများပြားလာခြင်းကြောင့် နောက်ပိုင်းတွင် လက်နက်ကြီးတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာကြောင်း တော်လှန်ရေးရဲဘော်အချို့ကလည်း ထောက်ပြပြောဆိုသည်။
“နိုင်မလားဆိုတဲ့စိတ်နဲ့ အစပိုင်း စကစက ကြိုးစားပြီး ထိန်းချုပ်တာတွေရှိတယ်၊ နောက်တစ်ခုက နိုင်ငံရေးအရ သူကစားနေတာက ကျရှုံးသွားတယ်၊ အဲ့ဒီနောက်မှာ သူထွက်ပေါက်က စစ်ရေးအရပဲရှိတော့တယ်၊ အဲ့ဒီတော့ နောက်ပိုင်း စစ်ဆင်ရေးတွေမှာ လေကြောင်းတိုက်ခိုက်မှုကို ပိုလုပ်လာတာပဲလို့ မြင်တယ်”ဟု တော်လှန်ရေးတွင် ပါဝင်နေသည့် ရဲဘော်တစ်ဦးကလည်း သုံးသပ်သည်။
အာဏာသိမ်းသည့်နေ့မှစ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ အဆက်မပြတ်တိုက်ခိုက်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများအသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူများဘက်က စာနာရပ်တည်ပေးရန် အထူးလိုအပ်နေကြောင်း NUG ကဆိုသည်။