မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာရဲကင်းစခန်းမှ ကုက္ကိုစုပျူရွာသို့ ရိက္ခာပို့ရန်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၆ ရက်၊ နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ၇ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပ.က.ဖ က ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရိက္ခာပို့စစ်ကြောင်းတွင် ရိက္ခာတင်ကား ၂ စီး၊ Jammer ကားတစ်စီးပါဝင်ပြီး အဆိုပါစစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့ဝင်များကို ပီပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLY ပြောက်ကျားတပ်ဖွဲ့(ပေါက်)က တာ၀န်ရှိသူတစ်ဦးကပြောသည်။
“ အင်အား ၅၀ လောက်ရှိတယ်၊ ဘုရားကုန်းတောင်ဘက်မှာဆွဲတာ၊ ဒဏ်ရာရတဲ့သူတွေနဲ့သေတဲ့သူတွေကို တောထဲထားခဲ့တာ၊ ပြီးတော့ရိက္ခာပို့ ဆက်သွားကြတယ်၊ ငါးကောင်ကတော့နေရာမှာတင်သေတာ” ဟု ၎င်းကရှင်းပြသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထမ်းစင်ဖြင့်သယ်ဆောင်သွားပြီး ထိုသို့သယ်ဆောင်သွားသည့်လမ်းတွင် တိုက်မိုင်း ၂ လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် ၂ ဦးထပ်မံသေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပ.က.ဖ တာ၀န်ခံ ဗိုလ်လင်္ကျာက ပြောသည်။
“ ဒီကောင်တွေ(စကစ)က ဒဏ်ရာရနဲ့ သေဆုံးကို ထမ်းစင်နဲ့သယ်လာတာ၊ အဲ့ဒီမှာထပ်ဆွဲတာ၊ ရိက္ခာပို့ပြီးပြန်မှ ကားပေါ်ကို ဒဏ်ရာရနဲ့သေဆုံးတွေတင်သွားတာ၊ သေသွားတဲ့ကောင်တွေကို ဘုရားတောင်နားမှာ မီးရှို့သွားတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ရင်း-၁၊ ပေါက်မြို့နယ်(ပကဖ)၊ BLYပြောက်ကျားတပ်ဖွဲ့(ပေါက်)၊FRF အထူးတပ်ဖွဲ့-၂ ၊ ပခုက္ကူခရိုင်တပ်ရင်း-၁၆တပ်ခွဲ(၂) နှင့် NPRF(ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။