မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ ကင်းစောင့်နေသည့် PDF တပ်ဖွဲ့ကို ယမန်နေ့(ဧပြီ ၅ ရက်)၊ ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်(ဧပြီ ၆ ရက် မနက်အစောပိုင်း) တွင် စစ်ကောင်စီတပ်ဖွဲ့က အလစ်အငိုက် တိုက်ခိုက်ခဲ့မှုကြောင့် ပကဖတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ သေသွားတာက လက်ပန်စင်ကျေးရွာက ပကဖ ရဲဘော်ပါ၊ ပေါက်ကုန်းရွာဘက်မှာ ကင်းလာစောင့်တာ၊ ရွာသာယာပျူရွာဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးက ချောင်းပြီး ပစ်ခတ်တာပါ၊ သေဆုံးသူက ရင်ဘက်နဲ့ နံရိုးကို ကျည်ထိမှန်ပြီး ညကပဲ ဆုံးသွားတာပါ” ဟု ဖြစ်စဥ်ကိုသိရှိသူ စဥ့်ကူးဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၃၀ အရွယ်ရှိ ကိုအောင်မျိုးလှိုင် ဖြစ်ပြီး၊ ၎င်း၏ ရုပ်အလောင်းကို ယနေ့ (ဧပြီ ၆ ရက်)၊ ညနေ ၃ နာရီ တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“ ရွာသာယာပျူစောထီးရွာနဲ့ ပေါက်ကုန်းရွာနဲ့က မဝေးဘူး၊ အရှေ့ဘက်အနောက်ဘက် ကပ်နေတာ၊ မနေ့ညကတော့ လက်ပန်စင်နဲ့ ပေါက်ကုန်းရွာက ပြည်သူတွေ ပြေးရတာပေါ့၊ ဒီမနက်တော့ တချို့လည်း ရွာထဲ ပြန်ဝင်နေကြပြီ၊အခြေအနေကတော့ ငြိမ်နေတယ်” ဟု ပေါက်ကုန်းကျေးရွာ ရွာသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ မတ္တရာ၊ ဝက်လက်၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ ကျေးရွာများကို ဝင်ရောက်ဖျက်ဆီး၍ မီးရှို့မှုများပြုလုပ်လျက်ရှိပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
“ စစ်ကြောင်းနဲ့ တိုးရင် အမေးအမြန်းမရှိ သတ်ပစ်လိုက်ကြတာပဲ၊ ရွာတွေထဲလည်း လက်နက်ကြီးတွေရော၊ ဒရုန်းတွေနဲ့ရော ပစ်ထည့်တာ၊ ပျူရွာနဲ့ ကပ်လျက်ရွာတွေကတော့ ပိုပြီး သတိာထားနေရတာပေါ့” ဟု ခက်သင်ကျေးရွာ ရွာသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်တွင် စဥ့်ကူးမြို့နယ်ရှိ ဟင်းသာကြီးကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် နေအိမ် ၁၃လုံး မီးလောင်ပျက်စီးခဲ့သေးသည်။