KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်ကို စစ်ကောင်စီတပ်က ၆ ရက်တာကာလအတွင်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၃ ဦးနှင့် တော်လှန်ရေးရဲဘော် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၉ ရက်အထိ ၆ ရက်တာအတွင်း စစ်ကောင်စီတပ် လေယာဉ်နှင့် ဒရုန်းအသုံးပြုကာ တိုက်ခိုက်မှု ၃၆ကြိမ်ပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီးကျည် ၃၀၃လုံးပစ်ခတ်ခဲ့သောကြောင် နေအိမ် ၇လုံးနှင့် ဆေးခန်းတစ်ခုပါ ထိခိုက်ပျက်စီးခဲ့သည်။
ထို့ပြင် KNU က ဖမ်းဆီးသိမ်းထားသည့် စစ်ကောင်စီထောက်တိုင်၊ ဇရပ်ခင်ကျေးရွာမှ အရပ်သား ၁ဦးသည် စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးခဲ့သည်။
” အဲ့ဒီရက်တွေက တိုက်ပွဲဖြစ်နေတယ်။ အဲ့ဒါကြောင့် စကစဘက်က လက်နက်ကြီးအပြင် လေကြောင်းသုံးပြီးပါ ဒီလိုမျိုးအပြင်းအထန်တိုက်ခိုက်ခဲ့တာပါ၊ တိုက်ပွဲအနီးအနားကျေးရွာက ပြည်သူတွေကတော့ စစ်ရှောင်နေကြတာဆိုတော့ အထိအခိုက်မရှိပါဘူး။ လက်ရှိလဲ တိုက်ပွဲဖြစ်နေတုန်းပါ” ဟု စစ်ဒေသခွဲ ၂ ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဖြစ်စဉ်များအနေဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဘာဘူကုန်းကျေးရွာ၌ နေရာယူထားသော စစ်ကောင်စီတပ်များက ဇီးကုန်းကျေးရွာကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ဇီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး၏ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၆ စင်းနှင့် MI-35 ၁ စင်းသည် ကေအဲန်ယူ-လယ်ဒိုကော်ဆာ၏ ထီးမိုဂီထာရဲစခန်းနှင့် ကျွန်းတောစခန်းကို ဗုံးကြဲခြင်းနှင့် အော်လီဂန်းဖြင့် ပစ်ခတ်ခြင်း စုစုပေါင်း ၁၄ ကြိမ် ပြုလုပ်ခဲ့ရာ အချုပ်ခန်းတွင် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီထောက်တိုင်၊ ဇရပ်ခင်ကျေးရွာရှိ အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း ကျွန်းတောစခန်းရှိ တော်လှန်ရေး ရဲဘော် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅ မမ ကျည်၁ လုံးဖြင့် ထိုးဝါးစိုက်ကျေးရွာတွင်းကိုပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ ပြည်သူတစ်ဦး၏ နွား ၂ ကောင် ထိမှန်သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၂၅ရက်နေ့တွင်ပင် နတ်သံကွင်းတံတားထိပ်နှင့် ကုန်းချောင်၀ကျေးရွာ၌ နေရာယူထားသည့် စစ်ကောင်စီတပ်သည် ၆၀ မမ ကျည် အလုံး ၉၀ ဖြင့် နတ်သံကွင်းမြို့ ဆေးရုံနှင့် တံခွန်တိုင်ရပ်ကွက်တို့ကို ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့် ၅ကြိမ် တိုက်ခိုက်ခဲ့ကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။
” အခုနောက်ပိုင်း စစ်ကောင်စီက လေယာဉ်တွေ အရမ်းသုံးလာတယ်။ နောက်တန်းစခန်းတွေကို တိုက်ခိုက်တာ၊ နောက်ပြီး တိုက်ပွဲဖြစ်တာနဲ့ လက်နက်ကြီး လိုက်ပစ်နေတာ အနီးနားတစ်ဝိုက်ရွာတွေ သေပြီပဲ၊ နောက်တိုက်ပွဲမဖြစ်လဲ PDF နယ်မြေစိုးမိုးထားတဲ့ ရွာတွေဆို သူတို့ပစ်ချင်ရင် ထပစ်တာပဲ၊ အချိန်မရွေးဘူး” ဟု ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၆ ရက်၊ မနက် ၇ နာရီမှ ည ၆ နာရီကျော်အထိ နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်ကို စစ်ကောင်စီတပ်များက လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အပြင် ဘောကထာကျေးရွာနှင့် ကညင်ကျိုးကိုလည်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ လက်နက်ကြီး ၁၅၅ မမ ကျည်ဖြင့် ဘောကထာကျေးရွာအနီးကို ၇ လုံး၊ ၁၂၀ မမ ကျည်ဖြင့် ကညင်ကျိုးကျေးရွာကို ၃ လုံး ပစ်ခတ်ခဲ့ရာ ကညင်ကျိုးကျေးရွာမှ ဆေးခန်း ၁ လုံးနှင့် ပြည်သူ ၂ ဦး၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့သလို နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်ကိုလည်း မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီကျော်အထိ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အပြင် တံခွန်တိုင်ရပ်ကွက်ထိပ်တွင်လည်း ဒရုန်းဖြင့် မီးလောင်ဗုံး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” စစ်ဘေးရှောင်ပြည်သူတွေကတော့ တော်တော်ဒုက္ခရောက်တာပေါ့၊ အိုးအိမ်တွေထားခဲ့ရ၊ ပဲတွေမရိတ်ရနဲ့ဆိုတော့လေ၊ တချို့ကိုယ့်ဘက်ကို အရမ်းအားပါတဲ့ ပြည်သူတွေကြ မပြေးတော့ဘူး။ အိမ်တည့်တည့်ကျရင်တော့ သေပေါ့ကွာဆိုပြီး ကျတော်တို့တွေရှိနေသရွေ့ သူတို့လဲရွာမှာဘဲနေကြတယ်” ဟု ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ဆက်ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်တွင်လည်း စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ကျည်ဖြင့် နတ်သံကွင်းမြို့ကို ၂ လုံး၊ စောမူသယ်နှင့် ဝက်လာတောကျေးရွာကို ၂ လုံးနှင့် ရွှေဝါတပ်ရင်း ခမရ-၃၀၇ မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် တမောမကျေးရွာကို ၅ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ၂၉ ရက်တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ လက်နက်ကြီး ၁၂၀ မမ ကျည်ဖြင့် အင်းပရိကျေးရွာကို ၄ လုံး ပစ်ခတ်ခဲ့ရာ အင်းပရိကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ် ထိမှန်ပျက်စီးခဲ့ပြီး ယင်းနေ့တွင်ပင် ခိုသေစိုးစခန်းမှ စစ်ကောင်စီတပ်များက မူသယ်ကျေးရွာအတွင်းကို လက်နက်ကြီး ၁၂၀ မမ ၁၅ လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မူသယ်ကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ်ထိမှန်ကာ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်ပဲခူးတိုင်းအရှေ့ဘက်ခြမ်းဖြစ်သော ကျောက်ကြီးမြို့နယ်အပါအဝင် ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်တို့တွင်နေထိုင်သည့် ပြည်သူ ၁၄၀,၀၀၀ ကျော်မှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းလည်း သိရှိရသည်။