ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ ချင်းလည်ငါးဘတ်ကုန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း Paungde People Defense Force-PPDF က ယနေ့ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက်၊ မနက် ၄နာရီခန့်တွင် ချင်းလည်ငါးဘတ်ကုန်းဂိတ်ကို PPDF တပ်ရင်း၊ တပ်ခွဲ(၂) ဧရာညီနောင်စစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး ကပြောသည်။
“ ဂိတ်မှာအင်အားက ၁၀ယောက်၊ ၁၅ယောက်လောက်ရှိတယ်။ ၃ဦးသေပြီးတော့၊ ၃ဦးဒဏ်ရာရတယ်။ သေဆုံးနဲ့ ဒဏ်ရာရတွေကို ပေါက်ခေါင်းဘက်ကလာသယ်သွားတာကို ဒေသခံတစ်ဦးပြောပြချက်အရသိရတယ် “ ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က လက်နက်ငယ်နှင့် စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း တိုက်ပွဲဝင်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ ကျတော်တို့ဘက်က အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရဲဘော်တစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၂၂ရက်၊ မနက် ၉နာရီ ၂၀မိနစ်တွင်လည်း ပေါင်းတည်မြို့အပိုင် ဂွေးတောက်ကွင်းရွာမှ ထွက်လာသော အင်အား ၅၀ပါ စစ်ကောင်စီ စစ်ကြောင်းကို PPDF၊s niperတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။