စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ သီးလုံးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ရာ၊ ပျူစောထီး ၁၄ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LPDF)က ယမန်နေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်၊ ည ၁၂ နာရီခွဲခန့် (ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်း) မှစ၍ သီးလုံးကျေးရွာရှိ အထိုင်ချတပ်စွဲထားသည့် စစ်တပ်စခန်းများကို တိုက်ခိုက်ရာ၊ ဇန်နဝါရီ ၂၁ ရက်၊ မနက် ၂ နာရီခန့်တွင် စီးနင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ကျတော်တို့ တာဝန်ယူထားတဲ့ အခြမ်းကနေ သီးလုံးရွာထဲကို ရှင်းလင်းရေးဝင်ရောက်ချိန်မှာ သွေးအိုင်တွေ တွေ့ခဲ့ရပါတယ်။ ကြာကြာခံမပစ်ကြဘဲ ထွက်ပြေးသွားတာပါ၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၄ ဦးကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပြီး ထိန်းသိမ်းထားပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ ကိုဗလကြီး က MPA သို့ ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တင့်ကားဖျက် RPG ဗုံးသီးတစ်လုံး၊ ၆၀ မမ ဗုံးသီးတစ်လုံး၊ jumper စက် တစ်လုံး၊ G3 ကျည်ဘောက် တစ်ခု၊ ကာဘိုင်ကျည် ၅၀ တောင့်၊ ၅.၅၆ ကျည် ၃၅ တောင့်နှင့် စစ်ယူနီဖောင်း အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကိုဗလကြီး က ရှင်းပြသည်။
ထို့အပြင် အခြားတစ်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သော ကာကွယ်ရေးတပ်ဖွဲ့များမှလည်း ပျူစောထီး အလောင်းနှစ်လောင်း၊ ကာဘိုင် တစ်လက်၊ ပြောင်းချောတစ်လက်နှင့် လက်လုပ်သေနတ် နှစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း Ngwe Dwin Revolution Force မှ ထုတ်ပြန်ထားသည်။
“ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သီးလုံးပျူစောထီးကျေးရွာကို သုံးနေရာခွဲပြီး တိုက်ခိုက်ခဲ့တာပါ၊ ၂၂ ရက်နေ့မှာတော့ ကျတော်တို့ တပ်ပြန်ဆုတ်ပေးထားရပါတယ်။ ရွှေဘိုဘက်ကနေလာတဲ့ စစ်သားနဲ့ပျူစောထီး အင်အား ၁၅၀ ပါတဲ့စစ်ကြောင်းက သီးလုံးရွာထဲကို ပြန်လည် ဝင်ရောက်တပ်စွဲနေပါတယ်” ဟု Eye For Eye(SBO) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို Eye For Eye(SBO)၊ Ngwe Dwin Revolution Force၊ Shwebo Crocodie၊ ရွှေဘို (ပလဖ)၊ တံတားညီနောင်၊ ကျားညီနောင်၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုယ်နယ် ၂ တပ်ပေါင်းစု၊ ဗမာ အမျိုးသားလွတ်မြောက်ရေးတပ်မတော်(BNRA)၊ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ Yaung Ni – Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ မိုးမခရဲခေါင် – ဒီပဲယင်းအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း-၄၊ အရာတော်Drone Force၊ တပလဖ အင်အားစုများ၊ နယ်မြေခံ(ပကဖ)တပ်ဖွဲ့များနှင့် PROJECT FLIGHT (We are everywhere)- Drone တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့က စခန်းသိမ်း၊ မြို့သိမ်းနေကြသလို အညာဒေသမှာလည်း ပျူရွာတွေသိမ်းပြီး၊ မြို့ပေါ်ထိ ရောက်အောင် ကြိုးစားနေကြပါတယ်။ မြို့ပေါ်နေ ပြည်သူတွေလည်း တစ်ဘက်တစ်လမ်းကနေကူညီ ပါဝင်ပေးကြပါ” ဟု ဒီပဲယင်းမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ရွှေဘိုမြို့နယ်၊ မြင်ချင်း ပျူစောထီးကျေးရွာ အား တိုက်ခိုက်ခဲ့ရာ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင် ၆၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သေးသည်။