ရန်ကုန်မြို့တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်သွားတော့မည်ဟု သိရသည်။
ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များပူးပေါင်းကာ စစ်ဆင်ရေးများတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်၍ ပြည်သူတို့အနေနှင့် စစ်တပ်နှင့်ဆက်စပ်သောနေရာများကို ဝေးဝေးရှောင်ကြရန်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ၏ ဒုစစ်ရေးတာဝန်ခံက ပြောသည်။
“ ကျနော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ ပူးပေါင်းပြီး ရန်ကုန်မှာ ရန်တွေကုန်သွားတဲ့အထိ တော်လှန်တိုက်ထုတ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းရှိ မြို့မရဲစခန်းနှစ်ခုကို ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ မကြာမီ စစ်ဆင်ရေးအသစ်များ ထပ်မံဖော်ဆောင်သွားမည်ဖြစ်ကြောင်း Yangon Army၏ စစ်ရေးတာဝန်ခံက ပြောသည်။
“ သေရဲရင် ထွက်ခဲ့လို့ ပြောခဲ့တဲ့ကောင်တွေ အခုဆို မသေရဲလို့ ပုန်းအောင်းနေရတဲ့ အခြေအနေရောက်အောင် ကျွန်တော်တို့ ပြောက်ကျားတပ်ဖွဲ့တွေက လုပ်ဆောင်နိုင်ခဲ့ပါပြီ။ YAနဲ့အနောက်ပိုင်းခရိုင်ပကဖ လက်တွဲပြီးဟန်ချက်ညီညီနဲ့ ရန်ကုန်ကရန်တွေကိုရှင်းပြီး ပြည်သူ့ရင်ခွင်ထံအမြန်လာခဲ့ပါမယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊မြောက်ဒဂုံမြို့ရှိ ၄၀ဈေးတွင် သပိတ်အင်အားစုတို့က လူထုသပိတ်ဖော်ဆောင်ခဲ့ပြီးနောက် စစ်တပ်သည် ၄၀ဈေးအား ဖျက်ဆီးကာ ယင်းဈေးရှိ ကုန်ပစ္စည်းများပါ သိမ်းယူသွားသည့်အပေါ် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“ လက်နက်မရှိတဲ့ ပြည်သူကိုပဲ အနိုင်ကျင့်ရဲတဲ့ ကောင်တွေကို ကျွန်တော်တို့ လျစ်လျူမရှုထားပါဘူး။ဒီကိစ္စမှာပါဝင်ဆောင်ရွက်သူ မည်သူတစ်ဦးတစ်ယောက်ကိုမှခွင့်မလွှတ်ပါဘူး။ ကျွန်တော်တို့ မကြာမီတုံ့ပြန်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များက ရန်ကုန်မြို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေ ကြပြီ ဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။