ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို တိုက်ခိုက်သိမ်းပိုက်မည့်စစ်ဆင်ရေးစတင်ပြီး ၄ ရက်အကြာ နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီတွင် စစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့အားအလုံးစုံထိန်းချုပ် နိုင်လိုက်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
ZZLMS operationဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးတွင် ZLMS ညီနောင်ချင်းတပ်ဖွဲ့များဖြစ် သည့် CDF-Zotung, Zophei, Lautu, Mara, Senthang နှင့် ချင်းအမျိုးသားတပ်မတော် CNA/ CNF ၊ CDF မတူပီပူးပေါင်းတပ်များပါဝင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်က စစ်ဆင်ရေးစတင်ဆင်နွှဲခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“ စခန်းတစ်ခုလုံးသိမ်းတယ်ဆိုတော့ CDF (ဇိုတုန်) ရဲဘော်တစ်ယောက်နဲ့ CDF (မရာ)ရဲဘော်တစ် ယောက် စုစုပေါင်းနှစ်ယောက်အကျအဆုံးရှိပါတယ်။ စစ်ကောင်စီဘက်က စစ်သုံပန်းတွေလည်းရှိတယ် ပြောတယ်။ လောလောဆယ်တော့အတိအကျပြောဖို့ခက်နေပါသေးတယ်”ဟု CDF (ဇိုတုန်)အဖွဲ့၏ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ရေဇွာမြို့ကိုတိုက်ခိုက်သိမ်းပိုက်နေချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု၍ တိုက်ခိုက် မှုများ နေ့စဉ်ပြုလုပ်လျက်ရှိခြင်းကြောင့် မြို့ခံပြည်သူများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုင်းထား ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး လက်ရှိတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
“ အခုထိတော့ မြို့ထဲကိုပြန်မဝင်ခိုင်းသေးဘူး။ ရှောင်နေရတုန်းရှိသေးတယ်။ ရှင်းလင်းရေးတွေလုပ်ပြီးမှ ပြန်ဝင်ခိုင်းမယ်လို့သိရတယ်။ စကစကလည်း လေကြောင်းနဲ့လာလာတိုက်နေတော့လေ” ဟု ရေဇွာ မြို့ခံတစ်ဦးကဆိုသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ရေဇွာမြို့၊ ရိဒ်ခေါဒါရ်မြို့နှင့် လိုင်လင်းပီမြို့တို့အပါအဝင် မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။