ယခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၅၀ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ဇန်နဝါရီမှ နိုဝင်ဘာ၁၇ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၅၉ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းက ၁၉၃ ဦး ဖြင့် အများဆုံးသေဆုံးခဲ့ကာ ချင်းပြည်နယ်၌ ၃၇ ဦးဖြင့် ဒုတိယအများဆုံးသေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။
အဆိုပါအရေအတွက်မှာ AAPPက အမည်နှင့်တကွ အတည်ပြုထားနိုင်သော အရေအတွက်ဖြစ်ပြီး ယခုစာရင်းတွင် မပါဝင်သော အတည်ပြုရန်ကျန်ရှိနေသည့် သေဆုံးသူအရေအတွက် ၈၆ ဦး ရှိနေသေးကြောင်း သိရသည်။
၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီတပ်သည် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုကို အရပ်သားနှင့် စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ မဟာဗျူဟာမြောက် လုပ်ဆောင်နေပြီး ယင်းသို့ လုပ်ဆောင်နေခြင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူမှုလုံးဝမရှိ ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။
“လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ပဇီးကြီးရွာတို့ အနန့်ပါ တို့ နိုင်ငံတကာကလည်း မြင်တာပဲ။ဖြစ်တုန်းခဏ ကန့်ကွက်ရှုတ်ချတာလောက် လုပ်ပြီး ပြီးသွားတာ ဆိုတော့ စစ်တပ်အကြိုက်ပဲပေါ့။အခုလည်း လွိုင်ကော်၊ထီးချိုင့်၊မတူပီ ရက်ရက်စက်စက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာ။နိုင်ငံတကာကလည်း အတတ်နိုင်ဆုံး မမြင်ချင်ယောင်ဆောင်နေတယ်။ ဘယ်လိုမှ မမြင်ချင်ယောင်ဆောင်လို့မရရင်တော့ ကန့်ကွက်ရှုတ်ချပြရုံပြနေတော့ စစ်တပ်က ဆက် လုပ်နေမှာပဲ” ဟု ၎င်းကပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့၊ ည ၇ နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေးလူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာကလေးငယ်များ အပါအဝင် ဒေသခံ ၁၁ ဦး သေဆုံးခဲ့သည်။
“မြေပြင်မှာ စစ်သားတွေ အထိနာပြီဆိုတာနဲ့ လေကြောင်းပစ်ကူခေါ်လိုက်တာ အစဉ်အလာလို့ဖြစ်နေ တယ်။အခုနောက်ပိုင်း ဘယ်နေရာမှာတိုက်၊တိုက် စစ်တပ်ချည်း အထိနာနေတော့ တိုက်လေယာဉ် တွေနဲ့ လာပစ်ရတာပဲ။ဆိုးတာက PDF တွေကိုတင် လုပ်တာမဟုတ်ဘဲ ပြည်သူတွေကိုပါ လေကြောင်းတိုက်ခိုက်နေတာပဲ” ဟု မ မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
နိုဝင်ဘာ၁၆ ရက်၊ည ၉ နာရီခန့်တွင်စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုကြောင့် လွိုင်ကော်မြို့၊နာနတ်တောရပ်ကွက်မှ အမျိုးသား၁ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း Karenni Human Rights Group က ထုတ်ပြန်ထားသည်။