ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်၊ ည ၇ နာရီခွဲအချိန်က ဂျက် ဖိုက်တာ ၂ စီးဖြင့် တိုက်ခိုက်ခဲ့သော်ကြောင့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးကြောင်း မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ဝေလူးကျေးရွာပေါ်သို့ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစ်စီးက ဗုံးကြဲတိုက်ခိုက်နေစဉ် ကျန်ဂျက်ဖိုက် တာလေယာဉ်တစ်စီးက စက်သေနတ်များဖြင့် ကျေးရွာအတွင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များကဆိုသည်။
“CDM ဆရာက ကျောင်းချိန်ပြင်ပမှာ စာသင်ပေးနေတဲ့အချိန်လို့ ပြောရမယ်။ စာကျက်ဝိုင်းကို ကြဲချတာ ခင်ဗျ။ အဲ့ဒီရွာနဲ့အနီးတစ်ဝိုက်မှာတောင် တစ်ခါမှတိုက်ပွဲတွေ၊ ဘာတွေဖြစ်တာမရှိဘူး။ တိုက်ပွဲမဖြစ်ဘဲလာကြဲသွားတာ” ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက MPA ကိုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အောက် ကျောင်းသူကျောင်းသား ၈ဦး၊ CDM ကျောင်း ဆရာတစ်ဦး၊ အရပ်သားပြည်သူ ၂ ဦးတို့ သေဆုံးခဲ့ကြပြီး ဘာသာရေးအဆောက်အအုံ ၂ ခု ၊ စာသင်ကျောင်း ဆောင် ၂ ဆောင်နှင့် လူနေအိမ် ၁၈ လုံး မီးလောင်းပျက်စီးခဲ့ကာ အမျိုးသမီး ၄ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိ သူ အများအပြားရှိကြောင်း သိရသည်။
“တိုက်ပွဲက အောက်ဘက်ပလက်ဝနယ်ထဲမှာပဲ ဖြစ်နေတာ။ အဲ့ဒါကို အဝေးကြီးက ဝေလူးမှာလာကြဲသွားတာ”ဟု CDF(မတူပီ)၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား စစ်ကောင်စီ၏ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အပြင်းအထန်ရှုံချကြောင်းနှင့် စစ်အာဏာရှင်ကျ ဆုံးသည်အထိ အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။