စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများရှိ စစ်ကောင်စီတပ်သား များသည် ၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ရုတ်တရက်စခန်းစွန့်ခွာမှုများရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် သာဂရရွာနှင့် မြင်းဒေါင်းရွာမူးတိမ်ချောင်းဘေးရှိ တပ်စခန်း၊ နိုဝင်ဘာ ၈ ရက် တွင် ရွာသစ်ကုန်းရွာတပ်စခန်း၊ အင်းပက်ကွေ့စျေးတန်းနှင့် နို၀င်ဘာ ၁၂ ရက်တွင် ဗောဓိပေါက်တပ်စခန်း စသည့် တပ်စခန်းများ အသီးသီးပြောင်းရွှေ့သွားကြောင်း Lark Guerrilla Revolution Force မှ ဗိုလ်ကျော်ကြီးက ပြောသည်။
“ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့မြို့သိမ်းတိုက်ပွဲတွေရယ်၊ ခင်ဦးမြို့နယ်နဲ့ ရေဦးမြို့ နယ်အစပ်က မူးတိမ်ချောင်းမှာအထိုင်ချထားတဲ့ စကစတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကစွန်ခွာသွားပါတယ်၊ ကျန်ခဲ့ တဲ့ပစ္စည်းတွေကတော့အစုံပါပဲ၊ သူတို့ရဲ့ အသုံးဆောင်တွေပေါ့” ဟု ၎င်းကပြောသည်။
အထိုင်ချတပ်စွဲသည့် တပ်စခန်းများ စွန့်ခွာသွားပြီးနောက် ဘန်ကာများ၊ အဆောက်ဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ လမ်းများဖွင့်ပေးခြင်းစသည့် နယ်မြေရှင်းရှင်းလင်းရေးကိစ္စများကို တော်လှန်ရေးပူပေါင်းအဖွဲ့များက ပြုလုပ် ပေးလျှက်ရှိကြောင်း သိရသည်။
ပျူစောထီးစခန်းများ မရှိတော့သဖြင့် ဒေသခံပြည်သူများမှာ ရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင် သူများလည်းရှိနေပြီး တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းများလည်း အဆင်ပြေသွားကြောင်း ဒေသခံပြည်သူတစ်ဦး ကဆိုသည်။
“ သူတို့ ဘေးအနားမှာရှိနေရင် ရွာတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ပစ်တယ်၊ အပြစ်မရှိလည်း ဖမ်းဆီးတာ၊ ရွာတွေမီးရှို့ ပစ္စည်းတွေယူပြီး ကျွဲနွားတွေ ပစ်သတ်တာတွေနဲ့ အမျိုမျိုး ဒုက္ခပေးတာ” ဟု ပိတောက်ကုန်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တို ၃၀ ရက်က မကျီးတုံကျေးရွာတွင် အထိုင်တပ်စွဲထားသည့် ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး အထိုင်စခန်း နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။







